မင်းလွင်ကျောင်းကုန်းကျေးရွာ(အ.လ.က)တွင် (၁၀၁)နှစ်မြောက်အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြို နယ်လှည့်နံရံကပ်စာစောင်၊ ဓါတ်ပုံပြပွဲ၊ ဟောပြောပွဲ နှင့် ကလေးစာဖတ်ဝိုင်းများ ကွင်းဆင်းဆောင်ရွက်

ငဖဲ  နိုဝင်ဘာ  ၁၀

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် ငဖဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စာအုပ်စာပေချစ်မြတ်နိုးသူများအသင်း (Book Club)အသင်းတို့ပူးပေါင်း၍ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသားကျောင်းသူများ ကျောင်းပြင်ပအသိပညာ ဗဟုသုတတိုးပွားစေရန်နှင့် စာဖတ်ရှိန်မြှင့်တင်ရန်ရည်ရွယ်၍ (၁၀၁)နှစ်မြောက်အမျိုးသား အောင်ပွဲနေ့အထိမ်းအမှတ်အကြို နယ်လှည့်နံရံကပ် စာစောင်၊ ဓါတ်ပုံပြပွဲ၊ ဟောပြောပွဲနှင့် ကလေး စာဖတ်ဝိုင်းများ ဆောင်ရွက်ခြင်းကို ယနေ့နံနက် ၉ နာရီက မင်းလွင်ကျောင်းကုန်း ကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းတွင် ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

ဆောင်ရွက်မှုတွင် ငဖဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးမှူးဒေါ်ယုယုသိန်းက နေ့ထူးနေ့မြတ်အထိမ်းအမှတ်နေ့များ၊ အမျိုးသား အောင်ပွဲနေ့ဖြစ်ပေါ်လာပုံ၊ စာဖတ်ခြင်း၏ အကျိုးကျေးဇူးများနှင့် မြို့နယ်စာအုပ်စာပေချစ်မြတ်နိုးသူများအသင်း (Book Club) အသင်းဥက္ကဌ ဦးသန်းဦးက အမျိုးသား အောင်ပွဲနေ့ ဖြစ်ပေါ်လာပုံသမိုင်းကြောင်း၊ ရန်ကုန်တက္ကသိုလ်အက်ဥပဒေအချက်များနှင့် မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းမှုသမိုင်းကြောင်းများကို ဆွေးနွေးပြောကြားသည်။

ဟောပြောပွဲအပြီးတွင် ကလေးကြိုက်၊ရုပ်ပြ၊ပုံပြင်၊တေဇ၊ကလေးသုသစာအုပ်များဖြင့် ကလေးစာဖတ်ဝိုင်းများ ဆောင်ရွက်ပေးပြီး မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးမှပြသထားသော (၁၀၁) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်နံရံကပ်စာစောင်နှင့် မူးယစ်ဆေးဝါး အန္တရာယ်တားဆီး ကာကွယ်ရေးအသိပညာပေးနံရံကပ်စာစောင်များကို ဆရာ/ဆရာမများနှင့် ကျောင်းသား ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်းနှင့် ကျောင်းသားကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအသိပညာပေး လက်ကမ်း စာစောင်များကိုဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။

မယု(ငဖဲ)