ကျောက်ဖြူ နိုဝင်ဘာ ၉
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့တွင် ပညာရေးဝန်ကြီးဌာန၊ ဆရာအတတ်ပညာဦးစီးဌာန၊ ကျောက်ဖြူပညာရေးဒီဂရီကောလိပ်၌ နည်းပြ၊ သရုပ်ပြသစ်လွင် ဆရာ၊ဆရာမများနှင့် အခြေခံပညာ ဦးစီးဌာနမှ ဆရာ၊ဆရာမသစ်လွင်များအား ယမန်နေ့နံနက်ပိုင်းစ၍ မွမ်းမံသင်တန်းကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလမ်းညွှန်ချက်များနှင့်အညီ ပို့ချလျက်ရှိကြောင်း သိရသည်။
ထိုသို့ ပို့ချရာတွင် နည်းပြသင်တန်းတက်ရောက်မည့် ဆရာ၊ဆရာမများအား နိုင်ငံ့ဝန်ထမ်း စည်းမျဉ်း စည်းကမ်း စီမံရေးရာ၊ ဘဏ္ဍာရေးရာ၊ ပညာရေးဘာသာရပ်များ (ပညာရေးသဘောတရား၊ ပညာရေးစိတ်ပညာ သင်ပြနည်း) နှင့် သက်ဆိုင်ရာဘာသာရပ်များအား လည်းကောင်း၊ လက်ထောက်အလယ်တန်းပြနှင့် လက်ထောက်မူလတန်းပြ ဆရာ၊ ဆရာမများအား မူလတန်းသင်ရိုးသစ်မိတ် ဆက်ဘာသာရပ်၊ အလယ်တန်းသင်ရိုးသစ် မိတ်ဆက်ဘာသာရပ်၊ ပညာရေးဘာသာရပ်များနှင့် သင်ပြမည့် ဘာသာရပ်များအားလည်းကောင်း သင်ကြားပို့ချပြသလျက် ရှိသည်။
အဆိုပါသင်တန်းသို့ ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ်များမှ နည်းပြသင်တန်းတက်ရောက်မည့် ဆရာ၊ ဆရာမ (၆) ဦး၊ လက်ထောက်အလယ်တန်းပြ (၂၆)ဦး၊ လက်ထောက်မူလတန်းပြ (၂၀၀) ဦး၊ ချင်းပြည်နယ် ပလက်ဝမြို့မှ လက်ထောက်အလယ်တန်းပြ (၁)ဦး၊ လက်ထောက်မူလတန်းပြ (၂၆)ဦး၊ စုစုပေါင်း သင်တန်းသား၊ သင်တန်းသူ ၂၅၉ ဦးတို့မှ တက်ရောက်ကြမည်ဖြစ်ကာ သင်တန်း ကာလမှာ နိုဝင်ဘာလ ၈ ရက်နေ့မှ ဒီဇင်ဘာလ ၃ ရက်နေ့အထိ စုစုပေါင်း ၂၆ ရက်ကြာ သင်ကြား ပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
တင်ထွန်းဦး၊ ဖြိုးဝေလင်း