လားရှိုးမြို့၌ ကိုဗစ်(၁၉) ရောဂါထိန်းချုပ်ကာကွယ်နိုင်ရေး အရှိန်မြင့်ဆောင်ရွက်လျက်ရှိ

လားရှိုး    နိုဝင်ဘာ (၉)

လားရှိုးမြို့၌ ယနေ့နံနက်(၉)နာရီအချိန်က စတင်ကာ ကိုဗစ်(၁၉) ရောဂါ ထိန်းချုပ်ကာကွယ်နိုင်ရေး (Swab Team )အဖွဲ့(၆)ဖွဲ့တို့ဖြင့် မြို့တွင်းသတ်မှတ်နေရာ(၆)ခုတို့တွင် (RDT Test kit)ဖြင့် နှာခေါင်းတို့ဖတ်များကို အခမဲ့စစ်ဆေးခြင်းများဖြင့်ဆောင်ရွက်နေကြောင်းသိရှိရသည်။

ကိုဗစ်(၁၉)ကာကွယ်ထိန်းချုပ်ကုသရေး ခရိုင်အဆင့်လုပ်ငန်းကော်မ်တီ၏ စီစဉ်ဆောက်ရွက်မှုများဖြင့် လားရှိုးမြို့နယ် ကိုဗစ်(၁၉)ကာကွယ်ထိန်းချုပ်ကုသရေးကော်မတီက လားရှိုးမြို့အား  Stay at Home အဖြစ်သတ်မှတ်စဉ် အချိန်ကတည်းက မြို့တွင်းသွားလာမှုများ၊ ရပ်ကွက်ခြားသွားလာမှုများ၊ ဆေးခန်းသို့ သွားလာမှုများတွင်လည်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ညွှန်ကြားချက်များကို လိုက်နာမှုရှိစေရေးတို့ကို နေ့စဉ်တာဝန်ကျ အဖွဲ့များအလိုက် စစ်ဆေးကြပ်မတ် ဆောင်ရွက်လျက် ရှိနေပါသည်။

ထိုကဲ့သို့ ဆောင်ရွက်နေသည့်အပြင် ကိုဗစ်(၁၉)ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် လားရှိုးမြို့နယ် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက (Swab Team)အဖွဲ့(၆)ဖွဲ့တို့သည် လားရှိုးမြို့ ရပ်ကွက်(၁၀)ရုံးရှေ့၊မြို့မဘော်လုံးကွင်းရှေ့၊မန်ဆူပလာဇာရှေ့၊မန်ဆူကားဝင်း၊ CB bank၊မြဝတီဘဏ်၊ ကမ္ဘာရတနာဘဏ်တို့၌ နှားခေါင်းတို့ဖတ်များကို (RDT Test kit)ဖြင့် စစ်ဆေးဆောင်ရွက် နေကြောင်းသိရှိရသည်။

Stay at Home အဖြစ်သတ်မှတ်ထားဆဲဖြစ်ပြီး စားသောက်ဆိုင်များကို ဆိုင်ထိုင်စားသောက်ခြင်းကို ခွင့်ပြုခြင်းမရှိပဲ(take away)ပါဆယ်စနစ်ဖြင့်သာ ရောင်းချစေခြင်းများကို လားရှိုးမြို့နယ် ကိုဗစ်(၁၉) ကာကွယ်ထိန်းချုပ်ကုသရေးကော်မတီက အဖွဲ့များဖွဲ့စည်းထားကာ  ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ရာ၌ ယမန်နေ့က စည်းကမ်း လိုက်နာမှုမရှိသော ဆိုင်(၃)ဆိုင်အား ဈေးရောင်းခွင့် (၅)ရက်ပိတ်ပြစ်ဒဏ် ချမှတ်ခဲ့ကြောင်းသိရှိရသည်။

လားရှိုးမြို့အား Stay at home အဖြစ်မှ ပယ်ဖျက်နိုင်ရေးအတွက် လားရှိုးခရိုင် ကိုဗစ်(၁၉) ကာကွယ်ထိန်းချုပ်ကုသရေးကော်မတီ၊လားရှိုးမြို့နယ်ကိုဗစ်(၁၉) ကာကွယ်ထိန်းချုပ် ကုသရေး ကော်မတီတို့မှ ဆောင်ရွက်လျက်ရှိနေပြီး ကိုဗစ်(၁၉) ရောဂါထိန်းချုပ်ကာ ကွယ်ရေးလုပ်ငန်းများတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနနှင့်အတူ ပရဟိတလူမှုကူညီရေး အသင်းအဖွဲ့များ၊ ဗော်လံတီယာများမှ ပါဝင်ကူညီဆောင်ရွက်လျက်ရှိနေကြောင်း သိရှိရသည်။

ဟန်ဌေး