လှည်းကူး နိုဝင်ဘာ ၉
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနက အလုပ်အကိုင်အခွင့်အလမ်းနှင့် တစ်ပိုင်တစ်နိုင်လုပ်ငန်းများ လုပ်ကိုင်နိုင်ရန်ရည်ရွယ်ဖွင့်လှစ်သည့် အခြေခံမော်တာစက်ချုပ် သင်တန်း (အခမဲ့) ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်းက ကလီထော်ကျေးရွာ၌ ပြုလုပ်ကျင်းပခဲ့ကြောင်း သိရသည်။
သင်တန်းဖွင့်ပွဲအခမ်းအနားသို့ မြောက်ပိုင်းခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဖြူဖြူထွေး၊ မြို့နယ်စီမံကိန်းရေးဆွဲရေးဦးစီးဌာနနှင့် သမဝါယမ ဦးစီးဌာနမှ တာဝန်ရှိသူများ၊ သင်တန်းနည်းပြဆရာ၊ ဆရာမများ၊ တာဝန်ခံဝန်ထမ်းများ တက်ရောက် ခဲ့ကြပြီး မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်သန္တာစိုးက ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန၏ ဆင်းရဲမှုလျော့ချရေး လုပ်ငန်းစဉ်တစ်ခုဖြစ်သည့် ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိစေရေးနှင့် ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းအဖြစ် လုပ်ကိုင်ဆောင်ရွက်နိုင်စေရန်အတွက် ရည်ရွယ်၍ သင်တန်းဖွင့်လှစ် သင်ကြားပေးခြင်းဖြစ် ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါ သင်တန်းကို ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်ရေး စည်းကမ်းချက်များနှင့် အညီ ဖွင့်လှစ်၍ ကလီထော်ကျေးရွာအုပ်စုနှင့် ပတ်ဝန်းကျင် ကျေးရွာများမှ သင်တန်းသား၊ သင်တန်းသူ (၂၀) ဦး တက်ရောက်ခဲ့ပြီး မော်တာစက်ဖြင့် အခြေခံ စက်ချုပ်နည်းအဆင့်ဆင့်ကို စာတွေ့၊ လက်တွေ့ တစ်လကြာ သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရှိရ သည်။
ကျော်ကျော်(ပြန်/ဆက်)