ရခိုင်ပြည်နယ် မောင်တောမြို့၌ မိုးစပါး မျိုးစေ့ ထုတ်စံကွက် ရိတ်သိမ်းပွဲ အခမ်းအနား ကျင်းပပြုလုပ်

မောင်တော  နိုဝင်ဘာ  ၉

ရခိုင်ပြည်နယ် မောင်တောမြို့နယ်၌ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေး ဦးစီးဌာန မိုးစပါးမျိုးစေ့ ထုတ်လုပ်ငန်း စံကွက်ရိတ်သိမ်းပွဲ အခမ်းအနားကို ယနေ့ နံနက် ၉နာရီ အချိန်က မြို့ဦးရပ်ကွက်၊ ဇူလကျေးရွာတွင် ကျင်းပပြုလုပ်ခဲ့ကြသည်။

ရှေးဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးနေဦးက တက်ရောက်အမှာစကား ပြောကြားရာတွင် မောင်တော ခရိုင်အတွင်း ဆန်စပါး စိုက်ပျိုးထုတ်လုပ်ရေးကဏ္ဍ တိုးတက်စေရေး၊ ဒေသဝမ်းစာဖုံလုံရေး၊ အာယာရပြည့်ဝပြီး ကျန်းမာရေးနှင့် ညီညွတ်သော အစားအစာများ စိုက်ပျိုးထုပ်လုပ်နိုင်ရေးနှင့် မိုးစပါးတစ်ဧက အထွက်နှုန်း တိုးတက်ရေးအတွက် ဆောင်ရွက် လျက်ရှိကြောင်း ပြောကြားခဲ့သည်။

ထို့နောက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေး ဦးစီးဌာနမှ  ခရိုင်ဦးစီးမှူး ဦးသာကျော်က  မိုးစပါးစံကွက် ရိတ်သိမ်းခြင်းနှင့် ပတ်သတ်၍  ရှင်းလင်း ပြောကြားရာ ၂၀၂၁ ခုနှစ်တွင် စိုက်ပျိုးရေး ဦးစီးဌာနမှ မိုးစပါး မျိုးစေ့ထုတ်လုပ်ငန်း  ဆင်းသွယ် လတ်စပါးမျိုး ဧက(၅၀)ကို ဇူလကျေးရွာ၊ ကွင်းအမှတ် ၁၀၁/ဃ တွင် အကျိူးဆောင် တောင်သူများဖြင့် ဆောင်ရွက် လျက်ရှိရာ အဆိုပါ ဆင်းသွယ်လတ် မျိုးစေ့ ထုတ်စိုက်ခင်း၏ အထွက်နှုန်းကို  အနီးစပ်ဆုံး မှန်ကန်စွာ  သိရှိနိုင်ရန်အတွက် ကိုယ်စားပြုစံကွက် (၀.၁၀) ဧက ရိတ်သိမ်းပွဲ  စံပြကျေးရွာရှိ ဧက (၃၂၇)ဧက မှ မျိုးသန့်စံပြရွာ၊ မျိူးစေ့ထုတ် စိုက်ခင်း (၅၀)ဧက မှ တောင်သူ ဦးဇော်မီဟူဆောင်း၏ လယ်မြေ (၂.၅၀)ဧက မှ (၀.၁၀) စံကွက်ရိတ်သိမ်းခဲ့ရာ  အစိုတင်း(၉၈)တင်း ထွက်ရှိခဲ့ကြောင်း သိရသည်။

အဆိုပါအခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေဦးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးကံထွန်းအောင်၊ ခရိုင်စိုက်ပျိုးရေး ဦးစီးမှူး ဦးသာကျော်၊ မြို့နယ် စိုက်ပျိုးရေး ဦးစီးမှူး ဦးခိုင်ထွန်းအောင်၊ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ စိုက်ပျိုး ရေးဝန်ထမ်းများ၊ ရပ်/ကျေး အုပ်ချုပ်ရေးမှူးများနှင့် ဒေသခံတောင်သူ(၅၀)ဦးခန့် တက်ရောက် ခဲ့ကြကြောင်း သိရသည်။

သက်လွင်စိုး(ပြန်/ဆက်)