ငွေဆောင် နိုဝင်ဘာ ၉
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်ရှိ ငွေဆောင်ကမ်းခြေ သန့်ရှင်းသာယာလှပရေး၊ လာရောက်အပန်းဖြေကြသော ပြည်တွင်းပြည်ပ ခရီးသွားဧည့်သည်များ လုံခြုံစိတ်ချစွာ အပန်းဖြေအနားယူနိုင်ရေး၊ ကမ်းခြေကိုအမှီသဟဲပြုကာ စီးပွားရှာမှီးသောသူများ စည်းကမ်းရှိစေရေးအတွက် ကမ်းခြေစည်းကမ်းထိန်းသိမ်းရေး လုပ်ငန်းများကို အောက်တိုဘာလ (၁)ရက်နေ့မှ စတင်၍ ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ဟိုတယ်နှင့် တည်းခိုခန်းတာဝန်ခံများ ပူးပေါင်း ပါဝင်သော အဖွဲ့(၇)ဖွဲ့ ဖြင့် ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ ဆောင်ရွက်ရာတွင် စျေးဆိုင်ခန်းများအား သတ်မှတ်နေရာထက် ကျော်လွန်ရောင်းချခြင်း၊ ထီးများအား ကမ်းစပ် အထိ ရွှေ့ပြောင်းစိုက်ထူထားခြင်း၊ ညအိပ်ညနေနေထိုင်ခြင်း၊ ထမင်းဟင်းများ ချက်ပြုတ်ခြင်း၊ စည်းကမ်းမဲ့အမှိုက်စွန့်ပစ် ခြင်းများ မရှိစေရန်၊ ကမ်းခြေသန့်ရှင်းသာယာလှပပြီး လုံခြုံမှုရှိစေရန်၊ စက်တပ်ယာဉ်များ မောင်းနှင်မှုမရှိစေရန်၊ အပျော်စီးရေယာဉ်ငယ်များ သတ်မှတ်နေရာတွင် စနစ်တကျ ရပ်နားရန်စသည့် ကမ်းခြေစည်းကမ်းထိန်းသိမ်းရေး လုပ်ငန်း များကို နေ့စဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မူမူ(ငွေဆောင်)