လယ်ဝေးမြို့နယ် ရွှေဟင်္သာတံတားအား သံဘောင်ဘေလီတံတားအဖြစ် စက်တင်ဘာလကုန်အပြီး တည်ဆောက်လျက်ရှိ

လယ်ဝေး   ဩဂုတ် ၁၉

ပြည်ထောင်စုနယ်မြေ၊ ဒက္ခိဏခရိုင်၊ လယ်ဝေးမြို့နယ် လယ်ဝေး-သစ်ပုတ်ပင် လမ်းပေါ်ရှိ ကိုယ့်အားကိုယ်ကိုး ရွှေဟင်္သာသစ်သား တံတား သည် ဩဂုတ်(၃)ရက် နံနက်က မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့်  တံတားကျိုးကာ ချောင်းရေနှင့်မျောပါ ပျက်စီးခြင်းများ ဖြစ်ပွားခဲ့ သည်။

ယခုအခါ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန (ရုံးချုပ်) တံတားတည်ဆောက်ရေးအဖွဲ့မှ ဒေသခံပြည်သူများ သွားလာရေး အဆင်ပြေ စေရန်အတွက် အရှည်ပေ ၁၆၀၊ အကျယ် ၁၆ ပေရှိ သံဘောင်ဘေလီတံတား တစ်စင်းအား စက်တင်ဘာလကုန်ပြီးစီးရန်အတွက် ယခုလ ၁၅ ရက်မှ စတင်တည်ဆောက်လျက်ရှိသည်။

 “ကျွန်တော်တို့ ဒီရွှေဟင်္သာတံတားက အရင်ကတော့ ကိုယ့်အားကိုယ်ကိုး သစ်သားတံတားပါ ချောင်းက ရေစီးသန်တော့ ကျွန်တော်တို့ တံတားမကျိုးအောင် ကြိုးစားထိန်းသိမ်းပေမယ့် ဒီလ ၃ ရက်နေ့က ကျိုးပြီးတော့ ရေနောက်ပါသွားတာပါ ကျွန်တော်တို့ကျေးရွာတွေ အားကိုးနေရတဲ့ ဒီတံတားကို အခုမိုးတွင်းကာလ လိုအပ်နေတဲ့ အချိန်မှာ အမြန်တည်ဆောက်ပေးနိုင်ဖို့ ကြိုးစားဆောင်ရွက်ပေးတဲ့ လွှတ်တော် ကိုယ်စားလှယ် များနဲ့ သက်ဆိုင်ရာဌာနများကို ကျွန်တော်တို့ဒေသခံတွေက ကျေးဇူးတင်နေကြပါတယ်ခင်ဗျာ” ဟု ကံသာ ကျေးရွာမှ ဦးလှိုင်ဝင်းစိုးက ပြောသည်။

အဆိုပါ ရွှေဟင်္သာ-ကံသာ-သစ်တော-ဝင်တဲကူး-သစ်ပုတ်ပင် လမ်းပေါ်ရှိ ရွှေဟင်္သာတံတားအား သံဘောင် ဘေလီတံတားအဖြစ် အသစ် ပြန်လည် တည်ဆောက်ပေးခြင်းဖြင့် လယ်ဝေးမြို့နယ်အနောက်ဘက်ရှိ ကျေးရွာ ပေါင်း ၂၇ ရွာမှ ဒေသခံပြည်သူများအား အကျိုးပြု နိုင်မည်ဖြစ်ကြောင်း သတင်းရရှိသည်။

ဝေကြည်စန်းအောင်(ပြန်/ဆက်)