ဝေါ နိုဝင်ဘာ ၉
ပဲခူးတိုင်းဒေသကြီး ၊ ပဲခူးခရိုင် ၊ ဝေါမြို့နယ်တွင် ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေး ပထမအကြိမ် ထိုးနှံပြီးသည့် ဒေသခံပြည်သူများကို ယနေ့နံနက်ပိုင်းတွင် ဝေါမြို့ခန်းမ၌ ဆေးထိုးစုရပ်(၂)နေရာခွဲ၍ ဒုတိယအကြိမ် ကိုဗစ် - ၁၉ရောဂါ ကာကွယ်ဆေး စတင်ထိုးနှံပေးလျက် ရှိကြောင်း သိရသည်။
ထိုသို့ ကာကွယ်ဆေး ထိုးနှံပေးရာတွင် Sinopharm ဆေးအမျိုးအစား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို အောက်တိုဘာ ၈ရက်မှ ၁၄ရက်နေ့အထိ လူဦးရေ (၂၀၂၀၄၀)ဦးတို့ကို ပထမအကြိမ်အဖြစ် ကာကွယ်ဆေး ထိုးနှံပေးခဲ့ပြီး နိုဝင်ဘာ ၉ရက်နေ့မှ ၁၂ ရက်နေ့အထိ ဒုတိယ အကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ထိုးနှံပေးသွားမည်ဖြစ်ပြီး ကာကွယ်ဆေးထိုးနှံပေးရာတွင် ဝေါမြို့နယ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့က ကြီးကြပ်၍ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ထိုးနှံပေးလျက် ရှိသည်။
ဝေါမြို့နယ်တွင် ပြည်သူများ ကိုဗစ် - ၁၉ ရောဂါ အန္တရာယ်ကင်းဝေးစေရန်နှင့် ကူးစက်ပြန့်ပွားမှု လျော့နည်း ပပျောက်စေရေးအတွက် ဦးစားပေးအုပ်စုအလိုက် ကာကွယ်ဆေး စနစ်တကျ ထိုးနှံဆောင်ရွက်ပေးလျက်ရှိပြီး ဒုတိယအကြိမ် ကာကွယ်ဆေး ထိုးရန်ကျန်ရှိသည့် ပြည်သူများကိုလည်း သက်ဆိုင်ရာ ဆေးထိုးစုရပ်များအလိုက် မပျက်မကွက် ကာကွယ်ဆေး သွားရောက်ထိုးနှံနိုင်ရေးအတွက် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် တာဝန်ရှိသူများက သံချဲ့စက်ဖြင့် နေ့စဉ်အသိပေး နှိုးဆော်ခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အောင်မြတ်လင်း( ပြန်/ဆက် )