သထုံ နိုဝင်ဘာ ၉
ဘီးလင်းမြစ်ရေလျှံမှုကြောင့် ထိခိုက်ပျက်စီးမှုများ ကာကွယ်နိုင်ရေးနှင့် စိုက်ပျိုးရေးကဏ္ဍ တိုးတက်ရေးအတွက် ဘီးလင်းမြစ်ကြောင်းအဖြောင့် ပြန်လည်တူးဖော်နိုင်ရန် လျာထားသည့် သထုံမြို့နယ်ဘက်ခြမ်းရှိ လယ်မြေ နေရာအား မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများတို့ ယမန်နေ့ မွန်းလွဲပိုင်းက ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြသည်။
ကွင်းဆင်း စစ်ဆေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးဇင်မောင်မောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ဆည်မြောင်းဦးစီးဌာန၊ ရေအရင်းမြစ်ဦးစီးဌာန၊ လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၊ စိုက်ပျိုးရေး ဦးစီးဌာနနှင့် ကျေးရွာအသီးသီးတို့မှ အုပ်ချုပ်ရေးမှူးများတို့က မြစ်ကြောင်းအဖြောင့် တူးဖော်နိုင်ရန် လျာထားသည့် သထုံဘက်ခြမ်း ဓနုကတိုက်ကျေးရွာအုပ်စုမှ ကွင်းအမှတ် ၅၄၉ ရှိ လယ်မြေနေရာအား ကွင်းဆင်းစစ်ဆေးကာ တောင်သူများနှင့် တွေ့ဆုံပြီး စိုက်ပျိုးရေးကဏ္ဍတိုးတက်ရေး ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက် ခဲ့ကြသည်။
သထုံမြို့နယ်အတွင်းရှိ ဓနုကတိုက်၊ကတိုက်ကလေး၊ ကတိုက်ကြီး၊မိုးကောင်း၊ တံတားဦး၊ ကျိုက္ကော် ကျေးရွာ အုပ်စုများရှိ လယ်ယာမြေများမှာ မိုးရာသီကာလအတွင်း ဘီးလင်းမြစ် ရေလျှံတက်မှုကြောင့် နှစ်စဉ်ထိခိုက် ပျက်ဆီးမှုများရှိခဲ့ပြီး မြစ်ကြောင်းအဖြောင့် တူးဖော် ပြီးစီးပါက အဆိုပါကျေးရွာအုပ်စုများအတွင်းရှိ လယ်ယာမြေဧကပေါင်း ၁၀၀၀၀ ကျော်ခန့် မြစ်ရေလျှံတက်မှုကြောင့် ထိခိုက်ပျက်စီဆုံးရှုံးမှုများမှ ကာကွယ် နိုင်မည်ဖြစ်ကြောင်း သိရသည်။
ကိုကိုဦး(ပြန်/ဆက်)