ထန်းတပင် နိုဝင်ဘာ ၉
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင် ကြီးကြပ်မှုဖြင့် အသက် ၁၈ နှစ်နှင့် အထက်ရှိသူများ၊ မသန်စွမ်းသူများ၊ ကူးစက်ရောဂါ မဟုတ်သည့် နာတာရှည်ရောဂါ ဖြစ်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယနေ့ နံနက်(၈)နာရီအချိန်က ထန်းတပင်မြို့နယ် သီရိမင်္ဂလာခန်းမ၌ ထိုးနှံပေးခဲ့ကြောင်း သိရသည်။
အဆိုပါကာကွယ်ဆေး ထိုးနှံပေးနေမှုအား မြို့နယ်စီမံ အုပ်ချုပ်ရေးဥက္ကဋ္ဌ ဦးလှမြင့်နှင့် အဖွဲ့ဝင်များ တာဝန်ရှိသူများက လှည့်လည်ကြည့်ရှု စစ်ဆေးကာ လိုအပ်သည့် အကူအညီများ ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ယခုထိုးနှံပေးလျက်ရှိသော ကာကွယ်ဆေးမှာ တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ထုတ်လုပ်သော Sinopharm အမျိုးအစားဖြစ်ပြီး ဆေးတစ်ပုလင်းလျှင် (၅)ဦးနှုန်းဖြင့် ထိုးနှံပေးခြင်းဖြစ်သည်။ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ပထမအကြိမ်ကဲ့သို့ အစီအစဉ်အတိုင်း ကျန်းမာရေးဝန်ထမ်းများက စနစ်တကျ ထိုးနှံပေးလျက်ရှိရာ လူမှုရေးအသင်းအဖွဲ့များ၊ အုပ်ချုပ်ရေးအဖွဲ့ဝင်များမှ ကူညီဆောင်ရွက်ပေးလျက် ရှိပြီး တာဝန်ရှိသူများက ကြီးကြပ်ဆောင်ရွက်လျက်ရှိသည်။
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို နှစ်ကြိမ်ထိုးပြီးသူများကို QR Code ပါသည့် ကာကွယ်ဆေး(၂)ကြိမ် ထိုးပြီးကြောင်း မှတ်တမ်းစာရွက် များကို ထုတ်ပေးလျက်ရှိကြောင်း၊ အဆိုပါ မှတ်တမ်းစာရွက်သည် ခရီး သွားလာသည့်အခါ ကာကွယ်ဆေးထိုးပြီးကြောင်း ထောက်ခံချက် အနေဖြင့် သွားလာရမည်ဖြစ်သည့်အတွက် ဆေးထိုးပြီးသူများ ရယူကြရန်နှင့် ပျက်စီးမှုမရှိအောင် စနစ်တကျ သိမ်းဆည်းကြရန် လိုအပ် ကြောင်း မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ သိရသည်။
မြို့နယ် (ပြန်/ဆက်)