လယ်ဝေးမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် လိုက်နာရမည့် အချက်များအား အသိပေးနှိုးဆော်

လယ်ဝေး နိုဝင်ဘာ

ပြည်ထောင်စုနယ်မြေ၊ ဒက္ခိဏခရိုင်၊ လယ်ဝေးမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါစနစ်တကျ ကြိုတင်ကာကွယ် ထိန်းချုပ် နိုင်ရေးအတွက် လိုက်နာရမည့်အချက် အလက်များအား ပြည်သူများ သိရှိပြီး ပူးပေါင်းပါဝင်ဆောင်ရွက်လာနိုင်စေရန် ရည်ရွယ်၍ လယ်ဝေးမြို့နယ်  ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ယနေ့နံနက်ပိုင်းက ရပ်ကွက်နှင့်ကျေးရွာများတွင် လှည့်လည်အသိပေးခြင်းလုပ်ငန်းများဆောင် ရွက်ခဲ့ကြသည်။

ထိုသို့ဆောင်ရွက်ရာတွင် ကျန်းမာရေးဝန်ကြီးဌာနမှထုတ်ပြန်ထားသည့် အိမ်အပြင်ထွက်လျှင် ပါးစပ်နှင့်နှာခေါင်းစည်း (Mask) တပ်ဆင်ထားပါ၊ လူအများနှင့်ထိတွေ့ ဆက်ဆံရပါက  မျက်နှာ အကာ (Face Shield) ကို တွဲဖက်တပ်ဆင်ပါ၊ တစ်ဦးနှင့်တစ်ဦး တတ်နိုင်သမျှခပ်ခွာခွာ နေထိုင် လုပ်ကိုင်ပါ၊ လူစုလူဝေးရှောင်ပါ၊ လက်ကိုစက္ကန့်(၂၀)ကြာ မကြာခဏ စနစ်တကျ ဆေးကြောပါ၊ အလုံပိတ်အခန်းများ၊ အဲကွန်းအခန်းများ၊ လေဝင်လေထွက် မကောင်းသော အခန်းများသို့ သွားရောက်ခြင်းမှ အတတ်နိုင်ဆုံး ရှောင်ကြဉ်ပါ၊ အိမ်အပြင်သို့ ထွက်လေ့ရှိသူများ အနေဖြင့် အိမ်ရှိ အသက်(၆၀)နှစ် အထက် အသက် အရွယ်ကြီးရင့်သူ ဆီးချို၊ သွေးတိုး၊ နှလုံးစသည့် နာတာရှည် ရောဂါရှိ သူများနှင့် အနီး ကပ်နေထိုင်ခြင်း၊ အတူစားသောက်ခြင်းတို့မှ ရှောင်ကြဉ်ပါ၊ အပြင်ထွက်လျှင် ပါးစပ်နှင့် နှာခေါင်းစည်း(Mask)ကို စနစ်တကျတပ်ဆင်ပါ စသည့် ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ်ရေး အသိပညာပေးလုပ်ငန်းများကို ပြည်သူများ သိရှိစေရန်အတွက် (Hand Speaker)ဖြင့် လှည့်လည်အသိပေးခြင်းလုပ်ငန်းများနှင့် ကိုဗစ်-၁၉ရောဂါ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)