ကျိုင်းတုံ နိုဝင်ဘာ ၉
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံရမှုရှိမရှိ ရှောင်တခင် အခမဲ့စစ်ဆေးပေးခြင်းကို ယမန်နေ့က မိုဘိုင်းရွေ့လျား သွားရောက်ကာ RDT Test Kit ဖြင့် တာဝန်ရှိသူများက မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများတွင် စစ်ဆေးဆောင်ရွက်ပေးခဲ့ ကြောင်း သိရသည်။
ကျိုင်းတုံမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိမှု ရာခိုင်နှုန်း ယခင်ထက်လျော့နည်း ကျဆင်းလာသော်လည်း ကိုဗစ်-၁၉ ရောဂါကူးစက်ဖြစ်ပွားမှုနှုန်း ဆက်လက်လျော့နည်းလာစေရေး အတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလှိုင်းမောင်မောင်၊ ဌာနဆိုင်ရာများ၊ ရဲတပ်ဖွဲ့ဝင်များ၊ တပ်မတော်သားဆရာဝန်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီ တပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များ ပူးပေါင်း၍ ရပ်ကွက်၊ ကျေးရွာများမှ ပြည်သူ ၁၀၅၄ ဦးအား RDT Test Kit ဖြင့် ရှောင်တခင် အခမဲ့စစ်ဆေးပေးခဲ့ရာ ရောဂါပိုးကူးစက်ခံရသူ ၅၀ ဦး စစ်ဆေးရှိခဲ့၍ ပိုးတွေ့ရှိမှု ရာခိုင်နှုန်း ၄.၇၄ ဖြစ်ကြောင်း သိရသည်။
အဆိုပါ ရောဂါပိုးတွေ့ရှိသူများကို အတည်ပြုလူနာကုသဆောင်များသို့ တာဝန်ရှိသူများက စနစ်တကျပို့ဆောင်ပေးကာ ဆေးကုသမှု ပေးလျက်ရှိကြောင်းသိရသည်။
ကျိုင်းတုံမြို့နယ်တွင် ကိုဗစ်-၁၉ တတိယလှိုင်းကာလ ဇန်နဝါရီ ၂၉ ရက်မှ ယနေ့ထိ အတည်ပြု လူနာ ၅၂၉၇ ဦး၊ ဆေးရုံဆင်း ခွင့်ရရှိသူ ၄၉၇၂ ဦး၊ သေဆုံးသူ ၉၂ ဦး၊ ကုသဆဲအတည်ပြုလူနာ ၂၃၃ ဦးရှိကြောင်းသိရပြီး တာဝန်ရှိသူများက ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အောင်ဇင်မြင့်(ပြန်/ဆက်)