ဘိုကလေး ပညာရေးဒီဂရီကောလိပ်တွင် အခြေခံပညာ ဆရာ/မသစ်လွင်များအား ကြိုဆိုပွဲနှင့် မွမ်းမံသင်တန်းကျင်းပ

ဘိုကလေး နိုဝင်ဘာ ၉

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ် ပညာရေးဒီဂရီကောလိပ်တွင် ယမန်နေ့ ညနေ(၄)နာရီ၌ ယခုစာသင်နှစ်အတွက် အသစ်ခန့်ထားသည့် နည်းပြ၊ သရုပ်ပြ သစ်လွင်များ၊ အခြေခံပညာ ဆရာ/မသစ်လွင်များ ကြိုဆိုပွဲနှင့် မွမ်းမံသင်တန်းဖွင့်ပွဲ အခမ်းအနား ကျင်းပသည်။

အခမ်းအနားသို့ တိုင်းဒေသကြီး ပညာရေးမှူးဦးတင်လှိုင်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနေဝင်း၊ ခရိုင်ပညာရေးမှူး ဒေါ်စယ်လီလှိုင်၊ မြို့နယ် စီမံအုပ်ချုပ်ရေးဥက္ကဋ္ဌ ဦးသိန်းဇော်ဦးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူး ဦးကျင်ရွှေ၊ ဘိုကလေးပညာရေး ဒီဂရီကောလိပ် ကျောင်းအုပ်ကြီး ဒေါ်ခင်ချိုမြင့်နှင့် နည်းပြ၊ သရုပ်ပြသစ်လွင်များ၊ အခြေခံပညာ ဆရာ/မ သစ်လွင်များ တက်ရောက်ကြသည်။

အခမ်းအနားတွင်  တိုင်းဒေသကြီးပညာရေးမှူးမှ နိုင်ငံတော်၏ အခြေခံပညာ အုတ်မြစ်ဖြစ်သည့်် ဆရာ/မများအား  ဖြည့်တင်းနိုင်ရေးအတွက် ယခု ဆရာ/မ သစ်လွင်များအား ခန့်ထားခြင်းဖြစ်ကြောင်း၊ အရည်အသွေးပြည့်ဝသည့် ဆရာ/မများမှ တစ်ဆင့် အရည်အသွေးပြည့်ဝသည့်် ကျောင်းသား/သူများထွက်ပေါ်လာစေရေးအတွက် မွမ်းမံသင်တန်း ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း၊ ဆရာ/မ သစ်လွင်များအနေဖြင့် နိုင်ငံ့ဝန်ထမ်း ကျင့်ဝတ်စည်းကမ်းများနှင့်အညီ နေထိုင်ကြရန်လိုအပ်ကြောင်း အဖွင့်အမှာစကား ပြောကြားသည်။

ဆက်လက်၍ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် ဘိုကလေးပညာရေး ဒီဂရီကောလိပ် ကျောင်းအုပ်ကြီးတို့မှ ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားကာ ခရိုင်ပညာရေးမှူးမှ သင်တန်းနှင့် ပတ်သတ်သည်များအား ရှင်းလင်းပြောကြားသည်။

အဆိုပါ မွမ်းမံသင်တန်းအား နိုဝင်ဘာ(၈)ရက်နေ့မှ စတင်ဖွင့်လှစ်ပြီး သင်တန်းကာလ(၁)လ ကြာမြင့်မည်ဖြစ်ကြောင်း၊သင်တန်းသို့ဖျာပုံခရိုင်၊ မအူပင်ခရိုင်၊ မြောင်းမြခရိုင်၊ ဟင်္သာတခရိုင်နှင့် လပ္ပတာခရိုင်တို့မှ ဆရာ/မ (၂၂၄)ဦး တက်ရောက်ကြကြောင်း သိရသည်။

မိုးစက်