မိုးညို နိုဝင်ဘာ ၉
ပဲခူးတိုင်းဒေသကြီး၊ မိုးညိုမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ဖြစ်ပွားမှု လျော့နည်းကျဆင်းလာ သဖြင့် ယနေ့ နံနက်(၅) နာရီမှ စတင်၍ ယာယီသားငါးဈေးအား မြို့မစည်ပင်သာယာဈေးကြီးအတွင်း ပြန်လည်ပြောင်းရွှေ့ ရောင်းချခွင့်ပြုခဲ့ကြောင်း မြို့နယ်စည်ပင် သာယာရေးအဖွဲ့ရုံးမှ သိရသည်။
မိုးညိုမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုများ ဖြစ်ပေါ်လာခဲ့သဖြင့် ဇူလိုင်လ ၆ ရက်နေ့မှစ၍ သားငါးစျေးအား ဇောတိကရပ်ကွက်၊ ဗိုလ်နေဝင်းလမ်းသို့ ယာယီပြောင်းရွှေ့ ဖွင့်လှစ်ထားခဲ့ရာမှ ယနေ့တွင် မြို့နယ်စည်ပင်သာယာစျေးကြီးအတွင်းသို့ ပြန်လည်ပြောင်းရွှေ့ ရောင်းချခွင့်ပြုကြောင်း သိရသည်။
မြို့မဈေးကြီးအတွင်း စျေးရောင်းချရာတွင် ယခင်က နံနက် (၅)နာရီမှ နေ့လည် (၁၂)နာရီထိသာ ဈေးရောင်းချခွင့်ပြုခဲ့ပြီး ယခုအခါ နံနက်(၅) နာရီမှ ညနေ(၅) နာရီထိ ဈေးရောင်းချခွင့်ပြုခဲ့သည်။ ဈေးပြောင်း ရွှေ့ရောင်းချရာတွင် စျေးရောင်း၊ စျေးဝယ်သူများ အနေဖြင့် တစ်ဦးနှင့် တစ်ဦးခပ်ခွာခွာ ရောင်းချရန်နှင့် ဝယ်ယူကြရန်၊ Mask များ စနစ်တကျ တပ်ဆင်ရောင်းချရန်၊ လက်ဆေးဘေစင် ထားရှိမှု၊ စျေးဆိုင်ခန်းများအနေဖြင့် သတ်မှတ်အကာအရံများဖြင့် ရောင်းချရန်၊ ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ ရောင်းချကြရန်နှင့် အဆိုပါ စျေးရောင်းချနေမှုများအား မြို့နယ်စည်ပင် သာယာရေးဦးစီးဌာနမှ အမှုဆောင်အရာရှိ ဒေါ်သက်သက်မာ နှင့် ဝန်ထမ်းများ၊ စျေးတာဝန်ခံနှင့် စျေးကော်မတီဝင်များက သတ်မှတ်စည်းကမ်းချက်များနှင့် အညီ ရောင်းချခြင်းရှိ/မရှိ လိုက်လံ ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်ချက်များအား လိုက်နာဆောင်ရွက်သွားကြရန် မှာကြားခဲ့ကြောင်း သိရ သည်။
ကိုမင်း (မိုးညို)