ပွင့်ဖြူ နိုဝင်ဘာ ၈
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေး ပထမအကြိမ် ထိုးနှံပြီးသည့် ဒေသခံပြည်သူများကို ယနေ့နံနက်ပိုင်း က ဆေးထိုးစုရပ် (၄)နေရာခွဲ၍ ဒုတိယအကြိမ် ကာကွယ်ဆေး စတင်ထိုးနှံပေးနေကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးမှ သိရသည်။
အဆိုပါ ဒုတိယအကြိမ် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းကို လူဦးရေ ၄၈၈၈ ဦး အား ထိုးနှံ ဆောင်ရွက်ပေးရမည်ဖြစ်ပြီး ယနေ့နံနက်ပိုင်း က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ဆေးထိုးစုရပ်(၄) နေရာဖြစ်သည့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး ဗိုလ်ဥတ္တမခန်းမ၊ လယ်ကိုင်းကျေးရွာ နိဗ္ဗာန်(တ)ကျောင်း၊ ကုန်းဇောင်းကျေးရွာတိုက်နယ်ဆေးရုံ၊ မဲဇလီကျေးရွာရှိ ကျေးလက်ကျန်းမာရေးဌာနတို့တွင် ကျန်းမာရေးဝန်ထမ်းများက သတ်မှတ် စည်းကမ်းချက်များနှင့်အညီ စနစ်တကျ ထိုးနှံဆောင်ရွက်ပေးရာ ဒုတိယအကြိမ် ကာကွယ်ဆေးလာရောက် ထိုးနှံသည့် ဒေသခံပြည်သူ ၁၁၉၅ ဦး ရှိကြောင်း သိရသည်။
ပွင့်ဖြူမြို့နယ်တွင် ပြည်သူများ ကိုဗစ် - ၁၉ ရောဂါ အန္တရာယ်ကင်းဝေးစေရန်နှင့် ကူးစက်ပြန့်ပွားမှု လျော့နည်းပပျောက်စေရေးအတွက် ဦးစားပေးအုပ်စုအလိုက် ကာကွယ်ဆေး စနစ်တကျ ထိုးနှံဆောင်ရွက်ပေးလျက်ရှိပြီး ဒုတိယအကြိမ် ကာကွယ်ဆေး ထိုးရန်ကျန်ရှိသည့် ပြည်သူများကိုလည်း သက်ဆိုင်ရာ ဆေးထိုးစုရပ်များအလိုက် မပျက်မကွက် ကာကွယ်ဆေး သွားရောက်ထိုးနှံနိုင်ရေးအတွက် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများက အသံချဲ့စက်ဖြင့် နေ့စဉ် အသိပေး နှိုးဆော်ခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ရဲဝင်းနိုင် (ညောင်ဦး)