ပင်လောင်းမြို့နယ်၌ ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းများ နှင့် မဲရုံများတိုးချဲ့ဖွဲ့စည်းနိုင်ရေး ညှိနှိုင်းအစည်းအဝေး ကျင်းပ

ပင်လောင်း    ဩဂုတ်    ၁၉

၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အား အဆင်ပြေအောင်မြင်စွာကျင်းပနိုင်ရေးအတွက် ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းများနှင့် မဲရုံများတိုးချဲ့ ဖွဲ့စည်းနိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ရှမ်းပြည်နယ်(တောင်ပိုင်း) ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယနေ့နံနက်ပိုင်းက ပြုလုပ် ကျင်းပခဲ့ကြောင်း သိရှိရသည်။

ညှိနှိုင်းအစည်းအဝေးတွင် မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဘုန်းထက်နိုင်မြင့် က ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းများ နှင့် မဲဆန္ဒရှင် လူဦးရေတစ်ထောင်ကျော်ရှိသည့် မဲရုံများကို မဲဆန္ဒရှင် ပြည်သူများ ဆန္ဒမဲပေးရာတွင် ပိုမိုလွယ်ကူမြန်ဆန်စေရန်အတွက် တိုးချဲ့ဖွဲ့စည်း ဆောင်ရွက်နိုင်ရေး လုပ်ငန်းများကိုရှင်းလင်းပြောကြားပြီး၊ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးခွန်မောင်ဖြူက မဲရုံများ ဖွဲ့စည်းဆောင်ရွက်မှု အခြေအနေများကိုလည်းကောင်း၊ မြို့နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာခင်သိန်းထွေးက ရွေးကောက်ပွဲကျင်းပ သည့်နေ့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်ရေးနှင့် ပတ်သက်သည့် ညွှန်ကြားချက်များကိုလည်းကောင်း၊ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲ အတွင်းရေးမှူး ဦးမင်းထက်အောင်က ရွေးကောက်ပွဲ ကျင်းပနိုင်ရေး ဝိုင်းဝန်းဆောင်ရွက် ရမည့်လုပ်ငန်းပိုင်းဆိုင်ရာများကို လည်းကောင်း၊ မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင် ဒုတိယ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးခွန်သိန်းရွှေ က မဲဆန္ဒရှင် လူဦးရေတစ်ထောင်ကျော်ရှိသည့် မဲရုံစာရင်းများ ကို လည်းကောင်း ရှင်းလင်းပြောကြားကြသည်။

လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ ပင်လောင်းမြို့နယ်အုပ်ချုပ်ရေးမှူး၊ နောင်တရား မြို့အုပ်ချုပ်ရေးမှူး၊ ပေါင်းလောင်း မြို့အုပ်ချုပ်ရေးမှူး၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပညာရေးဌာနမှဝန်ထမ်းများ၊ အမှတ် ()()မဲဆန္ဒနယ်ရှိ ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ နှင့် အတွင်းရေးမှူး (ရပ်/ကျေးစာရေး) ဝန်ထမ်းများ တက်ရောက်ကြကြောင်း သိရသည်။

အာကာစိုး(ပင်လောင်းမြို့နယ်ပြန်/ဆက်)