မင်းဘူး နိုဝင်ဘာ ၈
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၊ မင်ဘူး-ပဒါန်းကားလမ်း၊ လျှပ်စစ်ဓါတ်အားထုတ်လုပ်ရေးစက်ရုံ (တာဘိုင်)အနီးတွင် ယမန်နေ့ည ၈ နာရီခွဲအချိန်ခန့် က ယာဉ်တိုက်မှုဖြစ်ပွားခဲ့ကြောင်း မင်းဘူးမြို့မရဲစခန်းမှ သိရသည်။
ဖြစ်စဉ်မှာ ယမန်နေ့ည ၈ နာရီခွဲ အချိန်ခန့်က မင်းဘူး(စကု)မြို့နယ်၊ ကန်ရေကျေးရွာအနီး၊ မင်းဘူး-ပဒါန်းကားလမ်း၊ မိုင်တိုင်အမှတ် ၁ မိုင်၊ ၆ ဖာလုံနှင့် ၇ ဖာလုံကြား၊ လျှပ်စစ်ဓါတ်အား ထုတ်လုပ်ရေးစက်ရုံ (တာဘိုင်)အနီးတွင် မင်းဘူး-ပဒါန်း ကားလမ်းမကြီးပေါ်သို့ မောင်းနှင်လာသော သံချောင်းများတင်ဆောင်ထားသည့် (၁၂)ဘီးယာဉ်သည် နောက်ယာဉ်ကြောမရှင်းဘဲ လမ်းမကြီးပေါ်သို့ ယာဉ်နောက်ဆုတ်ခဲ့ရာ မင်းဘူးဘက်မှ ပဒါန်းဘက်သို့ မောင်းနှင်လာသည့် (၆)ဘီး ယာဉ်နှင့် ယာဉ်တိုက်မှုဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
ယာဉ်တိုက်မှုဖြစ်စဉ်ကြောင့် ဒဏ်ရာရရှိသူများအား မင်းဘူးခရိုင် ပြည်သူ့ဆေးရုံကြီးရှိ ပြင်ပလူနာဌာနသို့ ပို့ဆောင်ပေးခဲ့ကြောင်းနှင့် ယာဉ်မဆင်မခြင်မောင်းနှင်သူအား မင်းဘူးမြို့မ ရဲစခန်းက အမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မောင်မောင်(မင်းဘူး)