ဝေါ နိုဝင်ဘာ ၈
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်အတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်များနှင့် မွေးစမှ အသက် တစ်နှစ်ခွဲအောက် ကလေးငယ်များအတွက် ပိုမိုကောင်းမွန် သော အနာဂတ်ရရှိခံစားနိုင်ရေးအတွက် ကူးစက်ရောဂါများ ကာကွယ်နိုင်ရေး ပုံမှန်ကာကွယ်ဆေးထိုးခြင်း လုပ်ငန်းများကို ကိုဗစ်-၁၉ ညွှန်ကြားချက် များနှင့်အညီ နိုဝင်ဘာလ ပထမပတ်အဖြစ် ယနေ့ နံနက် ၈ နာရီက အရှေ့ဘက်ကမ်း ရပ်ကွက် ဆွမ်းလောင်းဓမ္မာရုံတွင် သားဖွားဆရာမ ဒေါ်ချိုမွန်သော်နှင့် ဝန်ထမ်းများက ပုံမှန် ကာကွယ်ဆေး တိုက်ဆေး ထိုးနှံပေးခဲ့ကြောင်း သိရှိရသည်။
ကာကွယ်ဆေး မထိုးရသေးသော ကိုယ်ဝန်ဆောင်မိခင်များနှင့် မွေးကင်းစမှ (၁)နှစ်ခွဲအောက် ကလေးငယ်များ နီးစပ်ရာကျေးရွာ အုပ်စု ကျန်းမာရေး ဌာနခွဲများတွင် ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင် အသည်းရောင် အသားဝါ (ဘီ)၊ ဦးနှောက်အမြှေးရောင် (ငါးမျိုးစပ် ကာကွယ်ဆေး)၊ ဝက်သက်-ဂျိုက်သိုး ကာကွယ်ဆေးများ ထိုးပေးလျက်ရှိကြောင်း သိရသည်။
ဝေါမြို့နယ်အတွင်းရှိ ကျန်းမာရေးဌာနဌာနခွဲများတွင် နိုဝင်ဘာလအတွင်း စတင်ထိုးနှံပေးသွားရန် စီစဉ် ထားရှိကြောင်းနှင့် ထိုးနှံပေးမည့်အစီအစဉ်များကို ရပ်ကွက်နှင့် ကျေးရွာဆေးထိုးစုရပ်များတွင် လစဉ် ပုံမှန်ကာကွယ်ဆေးများ ကျေးရွာများအလိုက် ကျန်းမာရေးဝန်ထမ်းများက ထိုးနှံပေးလျက်ရှိကြောင်း ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်ကျန်းမာရေးမှူး အဆင့် (၁) ဦးစန်းအောင်ထံမှ သိရသည်။
အောင်မြတ်လင်း (ပြန်/ဆက်)