ဆင်ပေါင်ဝဲ နိုဝင်ဘာ ၈
မကွေးတိုင်းဒေသကြီး သရက်ခရိုင် ဆင်ပေါင်ဝဲမြို့နယ်တွင် အသက်(၁၈)နှစ်အထက်ရှိ ပြည်သူများအား ပထမအသုတ်ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက် ထိုးနှံပေးခြင်းကို ယမန်နေ့နံနက် (၉)နာရီ က စုရပ်(၅)ခုဖြစ်သည့် ကုန်းသာကျေးရွာ၊ ရွာလင်းကျေးရွာ၊ အင်းကြားကျေးရွာ၊ ဘော်မြင့်ကျေးရွာ၊ နတ်ရွာကျေးရွာတို့တွင် ဆက်လက်ဆောင်ရွက်ပေးလျက်ရှိသည်။
ဆင်ပေါင်ဝဲမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများမှ ဆရာတော်၊ သံဃာတော်များနှင့် ပြည်သူများအတွက် ကိုဗစ်-၁၉ကာကွယ်ဆေး ပထမအသုတ်(ဒုတိယ)အကြိမ်ဆေးထိုးနှံရန် ကာကွယ်ဆေး (၂၉၀၀)လုံး ထပ်မံရရှိခဲ့၍ စုစုပေါင်း လူဦးရေ (၁၄၅၀၀)ဦးအား ဆေးထိုးနှံပေးခြင်းလုပ်ငန်းများကို နေ့စဉ်နံနက် (၉)နာရီမှ ၁၂နာရီနှင့် နေ့လည် (၁)နာရီမှ ညနေ(၃)နာရီထိ ဆောင်ရွက်ပေးလျက်ရှိပြီး မြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများ၌ ကာကွယ်ဆေးထိုးရန် သတ်မှတ်စုရပ်နေရာများတွင် မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် ဆေးထိုးနှံပေးခဲ့ရာ နိုဝင်ဘာ (၇) ရက်နေ့တွင် ပထမအသုတ် (ဒုတိယ)အကြိမ်အပြီး ထိုးနှံဆောင်ရွက်ခဲ့ကြောင်း မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး ကော်မတီထံမှ သိရသည်။
ချိုချိုဝင်း(ဆင်ပေါင်ဝဲ)