ပွင့်ဖြူ နိုဝင်ဘာ ၈
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ကျေးလက်နေ ပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းနှင့် တစ်ပိုင်တစ်နိုင် မိသားစုဝင်ငွေ တိုးလုပ်ငန်းများ ဆောင်ရွက်လုပ်ကိုင်နိုင်စေရန်၊ ဆင်းရဲနွမ်းပါးမှု လျော့နည်းကျဆင်းစေရန်နှင့် စားနပ်ရိက္ခာဖူလုံစေရန်အတွက် ရည်ရွယ်၍ ယနေ့ နံနက် ၉ နာရီက ပွင့်ဖြူမြို့နယ် လှည်းကြီး ကျေးရွာတွင် မြစိမ်းရောင် စီမံကိန်းလုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး စီမံကိန်း လုပ်ငန်းအကြောင်း မိတ်ဆက်ရှင်းလင်းခြင်းနှင့် ရန်ပုံငွေကြီးကြပ်မှု ကော်မတီဖွဲ့စည်းခြင်းများ ကွင်းဆင်း ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။
မြစိမ်းရောင် စီမံကိန်းအကြောင်း မိတ်ဆက်ရှင်းလင်းရာတွင် ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးလှဌေးမောင် က မြစိမ်းရောင်ကျေးရွာ စီမံကိန်းလုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် သိရှိလိုက်နာ ဆောင်ရွက်ရမည့် စီမံကိန်းမူဘောင်များနှင့် မိသားစုဝင်ငွေ တိုးပွားရေးအတွက် ဆောင်ရွက်နိုင်သော အလုပ် အကိုင်အခွင့်အလမ်းများ၊ စီမံကိန်းရန်ပုံငွေမှ တိုးပွားလာသော အတိုးရငွေများဖြင့် ကျေးလက်ဖွံ့ဖြိုးရေး လုပ်ငန်းဆောင်ရွက်နိုင်မည့် အခွင့်အလမ်းများကို ချပြရှင်းလင်းဆွေးနွေး ပြောကြားသည်။
ထို့နောက် တက်ရောက်လာသည့် ကျေးရွာနေ ပြည်သူများက မိမိတို့ကျေးရွာတွင် အကောင်အထည်ဖော် ဆောင်ရွက်မည့် မြစိမ်းရောင်စီမံကိန်း လုပ်ငန်းနှင့် ပတ်သက်ပြီး စဉ်ဆက်မပြတ် ရေရှည်ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက် သွားနိုင်ရေးအတွက် ဆောင်ရွက်လိုသည့် မိသားစုဝင်ငွေတိုး လုပ်ငန်းများနှင့် စီမံကိန်းချေးငွေ ကိစ္စရပ်များကို ရှင်းလင်း ဆွေးနွေး တင်ပြကြရာ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက ဒေသခံပြည်သူများ သိရှိလိုသည်များကို ပြန်လည် ရှင်းလင်း ဖြေကြားပေးခဲ့ကြသည်။
ဆက်လက်၍ မြို့နယ်ဦးစီးမှူး ဦးလှဌေးမောင်နှင့် ဝန်ထမ်းများက လှည်းကြီးကျေးရွာတွင် မြစိမ်းရောင် စီမံကိန်းလုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် ကျေးရွာနေ ပြည်သူများ၏ အများသဘောဆန္ဒဖြင့် စီမံကိန်း ရန်ပုံငွေကြီးကြပ်မှု ကော်မတီအဖွဲ့ဝင်များကို အတည်ပြု ရွေးချယ်ပေးခဲ့ကြပြီး စီမံကိန်းလုပ်ငန်းအတွက် ကြိုတင် ပြင်ဆင်ရမည့် ကိစ္စရပ်များကို ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။
ရဲဝင်းနိုင်(ညောင်ဦး)