အထက်မင်းလှ နိုဝင်ဘာ ၈
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့၌ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၊ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ အထွေထွေ ရန်ပုံငွေစာရင်း(GRF)မှ မင်းလှမြို့နယ်ခန်းမ အဆောက်အဦသစ် တည်ဆောက်နေမှု အခြေအနေမှုများကို မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အရည်အသွေး စစ်ဆေးရေး ကော်မတီအဖွဲ့ဝင်များက ယနေ့ နံနက် ၈ နာရီခွဲက ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့သည်။
မင်းလှမြို့၌ မြို့နယ်ခန်းမအဆောက်အဦသစ် တည်ဆောက်ရာတွင် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၊ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ အထွေထွေ ရန်ပုံငွေစာရင်း (GRF)မှ ခွင့်ပြု ငွေကျပ်(၂၄၄.၉)သန်းဖြင့် ခန်းမအဆောက်အဦးအလျား ၆၈ ပေ၊ အနံ ၁၄၈ ပေ၊ အမြင့် ၁၈ ပေ ၉ လက်မရှိပြီး မြို့နယ်ခန်းမအသစ်ကို ဇူလိုင်လ စတုတ္ထအပတ်က စတင် တည်ဆောက်ခဲ့ရာ ယနေ့အထိ ၉၅ ရာခိုင်နှုန်း ပြီးစီးပြီဖြစ်ကြောင်း၊ နိုဝင်ဘာလကုန်တွင် ၁၀၀ ရာခိုင်နှုန်း ဆောက်လုပ် ပြီးစီးမည်ဖြစ်ကြောင်းနှင့် လုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ခံ အင်ဂျင်နီယာ ဦးညီညီထွန်းက ရှင်းလင်း ပြောကြားခဲ့သည်။
အဆိုပါ မြို့နယ်ခန်းမ အဆောက်အဦသစ် တည်ဆောက်ခြင်း လုပ်ငန်းအား မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ် စည်ပင်သာယာရေး ကော်မတီတို့၏ အနီးကပ်ကြီးကြပ်မှုဖြင့် မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ခံအင်ဂျင်နီယာ ဦးညီညီထွန်းက တာဝန်ယူ ဆောက်လုပ် လျက်ရှိကြောင်း သိရသည်။
ဇာဇာ(အထက်မင်းလှ)