သီပေါမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့အတည်ပြုလူနာ သိသိသာသာ လျော့နည်းလာ လျက်ရှိ

သီပေါ နိုဝင်ဘာ ၈

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်တွင် ယမန်နေ့က ကိုဗစ်−၁၉ ရောဂါ ပိုးတွေ့အတည်ပြုလူနာမရှိကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ သိရသည်။

နိုဝင်ဘာလ ၇ ရက်နေ့က သီပေါမြို့နယ် ခုတင် (၁၀၀) ဆံ့ပြည်သူ့ဆေးရုံတွင် Positive လူနာများ နှင့် ထိတွေ့ခဲ့သူများ၊ ဖျားနာသူများ (၇) ဦးအား COVID-19 Antigen RDT  Test Kit ဖြင့်ရောဂါပိုး ရှိ/မရှိ စစ်ဆေးခဲ့ရာ ကိုဗစ်-၁၉ရောဂါ ပိုးတွေ့ရှိသူ မရှိကြောင်းနှင့် နိုဝင်ဘာလ ၆  ရက်နေ့က ရေဟော် ဘုန်းတော်ကြီးကျောင်းရှိ ရဟန်း၊ သာမဏေ(၉၇)ပါးတို့အား Mobile စနစ်ဖြင့် သွားရောက် စစ်ဆေးခဲ့ရာတွင်လည်း ကိုဗစ်-၁၉ ရောဂါပိုး မတွေ့ရှိရသောကြောင့် သီပေါမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့ရှိရမှုနှုန်း သိသိသာသာ လျော့နည်းလာလျက်ရှိကြောင်း သိရသည်။

သီပေါမြို့နယ်တွင် ယနေ့နံနက်ပိုင်းအထိ ကိုဗစ်-၁၉ရောဂါပိုးတွေ့အတည်ပြု လူနာပေါင်း (၁၅၈၈)ဦး ရှိပြီး၊ သေဆုံးသူ(၁၀၀)ဦး ရှိပြီဖြစ်ကြောင်းနှင့် လက်ရှိမြို့နယ်ပြည်သူ့ဆေးရုံ၌ ဆေးကုသမှု ခံယူနေသူ (၃၈)ဦး ရှိကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ သိရသည်။

ခင်လေး(သီပေါ၊ပြန်/ဆက်)