ဘုတလင်မြို့နယ်တွင် ငှက်ပျောစိုက်ပျိုးရေး လုပ်ငန်းကြောင့် ကျေးရွာနေပြည်သူများ နေ့စဉ်ဝင်ငွေများရရှိ

မုံရွာ သြဂုတ် ၁၉

မုံရွာခရိုင် ဘုတလင်မြို့နယ်အတွင်းရှိ မြစ်ရေတင် စီမံကိန်းမှ ရရှိသော စိုက်ပျိုးရေဖြင့် ငှက်ပျောစိုက်ပျိုးရေး လုပ်ငန်းများ လုပ်ကိုင်သူများ လာသဖြင့် ကျေးရွာနေပြည်သူများ အလုပ်အကိုင် များ ပုံမှန်ရရှိကာ နေ့စဉ်ဝင်ငွေများ ရရှိလျက်ရှိကြောင်း နေ့စား အလုပ်သမားများ၏ ပြောကြားချက်များအရ သိရသည်။

ငှက်ပျောစိုက်ပျိုးလုပ်ကိုင်သော နေရာများသည် ယခင်ကမိုးရေကို မျှော်ပြီး စိုက်ပျိုးရသည့် ယာသီးနှံ စိုက်ပျိုးရေးလုပ်ငန်းများ လုပ်ကိုင်ကြရာမှ နိုင်ငံတော်မှ လျှပ်စစ်တင်မြစ်ရေတင်လုပ်ငန်းကို အကောင်အထည်ဖော် ဆောင်ရွက်ပေးခဲ့သဖြင့် စိုက်ပျိုးရေ လုံလောက်စွာ ရရှိခဲ့ပြီး တောင်သူများဝင်ငွေ ရရှိစေနိုင်သည့် ငှက်ပျောသီးနှံများကို ပြောင်းလဲစိုက်ပျိုးရာမှ ကျေးရွာနေ ပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိလာခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

“ငှက်ပျောသီးတွေကို အပင်ကခုတ်ရတယ်၊ ပြီးရင်ငှက်ပျောဖက်နဲ့ ပတ်ရတယ်၊ ပြီးရင် ထော်လာဂျီ ပေါ်တင်ပြီး ဈေးကွက်ကိုပို့မဲ့ (၆) ဘီးကား တစ်စီးပေါ်ကို တင်ပေးရတယ်၊ နံနက်(၆)နာရီကနေ နေ့လည် (၃) နာရီအထိ လူ(၁၀)ယောက်နဲ့လုပ်ရင် အဖီးရေ (၃၀၀၀) ဆံ့တဲ့ (၆) ဘီး မော်တော်ယာဉ် တစ်စီးစာရတယ်၊ တင်ခအနေနဲ့ ငွေကျပ်(၁၅၀၀၀၀) ရတယ်၊ တစ်ဦးကို ငွေ(၁၅၀၀၀) ကျပ်ရတယ်၊ ငှက်ပျောလှိုင်လှိုင်ပေါ်တဲ့ အချိန်ဆို ညဘက်အထိ လုပ်ရတယ်ပိုပြီးတော့ ဝင်ငွေရတယ်၊ ဒီဒေသမှာအရင်က ယာစိုက်ပျိုးရေး လုပ်ငန်းပဲ ရှိတယ်၊ မြစ်ရေတင်လုပ်ငန်းပေါ်လာပြီး စိုက်ပျိုးရေ လုံလုံလောက်လောက် ရလာတော့ အဆင်ပြေတဲ့ သီးနှံတွေ ပြောင်းစိုက်လာရင်းနဲ့ ငှက်ပျောစိုက်ပျိုးရေးက စီးပွားဖြစ်စိုက်လာကြတဲ့အတွက် အလုပ်အကိုင်တွေရလာတာ ဖြစ်တယ်” ဟု ဘုတလင်မြို့နယ် ချပ်ကလေးကျေးရွာမှ ငှက်ပျောသီး အတင်အချနေ့စား အလုပ်လုပ်ကိုင်သူ ကိုမျိုးနောင် က ပြောသည်။

ဘုတလင်မြို့နယ်အတွင်းရှိ အုတ်အိုင်၊ ချပ်ကလေး၊ ခိုချောင်း၊ အောင်ဆန်းမြင့်နှင့် ညောင်ကန်ကျေးရွာ များတွင် ငှက်ပျောသီးနှံ ကို အများဆုံး စိုက်ပျိုးကြပြီး ထွက်ရှိသည့်ငှက်ပျောသီးနှံများကို ရန်ကုန်မြို့သို့ တိုက်ရိုက် တင်ပို့ရောင်းချလျက်ရှိကြောင်းနှင့် တစ်မြို့နယ်လုံးတွင် ငှက်ပျောစိုက်ဧက (၂၆၂၉) ဧက ရှိကြောင်း ဘုတလင် မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန၏ မှတ်တမ်းများအရ သိရသည်။

ဝင်းဦး(ဇေယျာတိုင်း)