တောင်ကြီး နိုဝင်ဘာ ၇
အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ (၃၃)နှစ်မြောက် နှစ်ပတ်လည်နေ့အထိမ်းအမှတ်အခမ်းအနားကို ယနေ့ နံနက်(၁၀)နာရီက တောင်ကြီးမြို့ ရှမ်းပြည်နယ်အစိုးရရုံး အစည်းအဝေးခန်းမ၌ကျင်းပသည်။
ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာကျော်ထွန်းက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ အဆင့်ဆင့်သော အရာ ထမ်း အမှုထမ်းများသည် ခေတ်ကာလအုပ်ချုပ်ရေးနှင့်အတူ ပေးအပ်လာသောတာဝန်များကို ကျရာ အခန်း ကဏ္ဍတွင် ကျေပွန်စွာပါဝင်ဆောင်ရွက်ခဲ့သည့်မှာ အားလုံးသိရှိကြပြီးဖြစ်ပါကြောင်း၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အနေဖြင့်ရည်မှန်းချက်(၄)ရပ် စံတန်ဖိုး(၆)ရပ်၊ လုပ်ငန်းစဉ်(၃)ရပ်ချမှတ်ပြီးဌာန၏ ရည်မှန်းချက် ဖြစ်သည့် `ပြည်သူကို ဗဟိုပြုသည့်ကောင်းမွန်သော အုပ်ချုပ်ရေးယန္တရားတည်ဆောက်ရေး´ဌာန၏ ဆောင်ပုဒ်ဖြစ်သည့် `ပြုပြင်ပြောင်းလဲမှု အစထွေအုပ်က´ ဆိုသည့်အချက်တွေချမှတ်ပြီး ဌာနလုပ်ငန်းများကို ဆောင်ရွက်နေမှုကို သိရပါကြောင်း၊ တိုင်းဒေသကြီး၊ ပြည်နယ်အဆင့်တွင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ပြည်နယ် အုပ်ချုပ်ရေးမှူးများသည် သက်ဆိုင်ရာတိုင်းဒေသကြီး၊ ပြည်နယ် အစိုးရအဖွဲ့၏ အတွင်းရေးမှူးအဖြစ် ဆောင်ရွက်ကြသလို ခရိုင်၊မြို့နယ်အဆင့်မှာလည်း၊ ခရိုင်အုပ်ချုပ်ရေး မှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူးများကိုတာဝန် ပေးအပ်ပြီး အုပ်ချုပ်ရေးကဏ္ဍ၏ အဓိကတာဝန်ကို ပေးအပ် ခြင်းခံရသူများ ဖြစ်ပါကြောင်း၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသည် ခေတ်အဆက်ဆက်တွင် နိုင်ငံတော် အုပ်ချုပ်ရေးယန္တရား၏အစိတ်အပိုင်းတစ်ခုအဖြစ် လည်ပတ်အောင်မောင်းနှင်ပေးနေသည့် ဌာနတစ်ခု ဖြစ်တာနှင့်အညီ နိုင်ငံတော်၏မူဝါဒ၊ မိမိဌာနမှကျင့်သုံးလျက်ရှိသည့် ဥပဒေ၊နည်းဥပဒေ၊ လုပ်ထုံး၊ လုပ်နည်း များနှင့် အညီလုပ်ငန်းများ အောင်မြင်အောင်ကြိုးပမ်းဆောင်ရွက်ကြရန် နှစ်ပတ်လည်နေ့တွင်ပြော ကြား သည်။
ဆက်လက်၍ ရှမ်းပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးဦးအေးနိုင်က အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ဖြစ်ပေါ်လာပုံသမိုင်းကြောင်းအား ရှင်းလင်းပြောကြားပြီး ရှမ်းပြည်နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရှိ ဝန်ထမ်းများအား ဝတ်စုံများကို ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာကျော်ထွန်း၊ ရှမ်းပြည်နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်ဦးနေလင်း၊ မိသားစု စည်းရုံး ရေးနှင့် စည်းကမ်းထိန်းသိမ်းရေး ကော်မတီဥက္ကဋ္ဌဒေါ်စိမ်းစိမ်းစိုးတို့ကပေးအပ်ရာ တာဝန်ရှိဝန်ထမ်းများမှ အသီးသီးလက်ခံရယူကြောင်း သိရသည်။
အင်းသားလေး(တောင်ကြီး)