ကော့ကရိတ်မြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌  စာဖတ်ဝိုင်းကျင်းပ

ကော့ကရိတ် နိုဝင်ဘာ ၇

ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ် စာစောင်ချစ်မြတ်နိုးသူများ အသင်းတို့ ပူးပေါင်း၍ သုတအလင်းစာအုပ်မှ စာရေးဆရာ ဒေါက်တာ လွှမ်းမိုးဟန် ရေးသားသည့် ဆရာဝန်မေမေ ခေါင်းစဉ်ဖြင့် စာဖတ်ဝိုင်းကို ယနေ့ ညနေ ၁နာရီခွဲ အချိန်က အဆိုပါရုံး လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့ ကြောင်း သိရသည်။

ရှေးဦးစွာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်ခင်မျိုးဝင်းက စာပေဖတ်ရှုလေ့လာသည့် အလေ့အကျင့်ကောင်းများ ရရှိလာစေရန်၊ စာဖတ်ရှိန်မြှင့်မားလာ စေရန် နှင့် စာပေအကြောင်းအရာများကို အပြန်အလှန် နှီးနှောဖလှယ်နိုင်စေရန်အတွက် စာဖတ်ဝိုင်းများ ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။ ထို့နောက် စာအုပ်စာစောင်ချစ်မြတ် နိုးသူများအသင်းအဖွဲ့ဝင် ဒေါ်သန်းသန်းရီက ဆရာဝန်တစ်ဦးမှ လူနာပေါ်ထားရှိ သည့် စိတ်ထား၊   မိခင်တစ်ဦးမှ သားသမီးအပေါ် ကြီးမားသောမေတ္တာတရားရှိပုံအကြောင်းကို ဆွေးနွေးပြောကြားပြီး တက်ရောက်လာသော စာပေဝါသနာရှင်များ၊ စာဖတ်ပရိသတ်များက သိရှိလိုသည်များကို မေးမြန်းခဲ့ ကြကြောင်း သိရသည်။

အဆိုပါ စာဖတ်ဝိုင်းကို ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ကိုဗစ် - ၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေး စည်းကမ်းချက်များနှင့်အညီ ကျင်းပခဲ့ကြောင်း သိရသည်။

စောအောင်မျိုးလွင် (ပြန်/ဆက်)