ငဖဲမြို့နယ်၌ (၃၃)နှစ်မြောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှစ်ပတ်လည်နေ့ အထိမ်းအမှတ် အာရုဏ်ဆွမ်းဆက်ကပ်လှူဒါန်း

ငဖဲ    နိုဝင်ဘာ  ၇

မကွေးတိုင်းဒေသကြီး၊မင်းဘူးခရိုင်ငဖဲမြို့နယ်တွင်(၃၃)နှစ်မြောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နှစ်ပတ်လည်နေ့အထိမ်းအမှတ် အာရုဏ်ဆွမ်းဆက်ကပ်လှူဒါန်းပွဲအခမ်းအနားကို ယနေ့နံနက် ၆ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် တက်ရောက်လာကြသောဆရာတော်၊သံဃာတော်များနှင့် ဧည့်ပရိသတ်များက နမောတသုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ ငဖဲမြို့သံဃနာယကဥက္ကဋ္ဌ မြို့တော်ဦးကျောင်း ဆရာတော် ဘဒ္ဒန္တကေသရထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး လှူဒါန်းမှုအစုစုတို့အား ရေစက် သွန်းချအမျှ ပေးဝေခဲ့သည်။ ဆက်လက်၍ ဆရာတော်၊သံဃာတော်များအား လှူဖွယ်ဝထ္ထူများ ဆက်ကပ်လှူဒါန်းပြီး အာရုဏ်ဆွမ်းဆက်ကပ်လှူဒါန်းခဲ့သည်။

ထို့နောက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူးဦးအောင်သိန်းလှိုင်မှ မိမိတို့ဌာနဝန်ထမ်းများအနေဖြင့် နိုင်ငံတော်နှင့်အများပြည်သူအကျိုးအတွက် စေတနာထားပြီး ကြိုးစား ဆောင်ရွက်သွားကြရန်နှင့် ဌာနလုပ်ငန်းများပိုမိုအောင်မြင်ရေး ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားပြီး ရုံးဝန်ထမ်းများနှင့် ရပ်/ကျေးစာရေးများအား (၃၃) နှစ်မြောက်နှစ်ပတ်လည်နေ့ အထိမ်းအမှတ် အိမ်သုံးလျှပ်စစ် ပစ္စည်းများ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ အဝတ်အထည်များနှင့် လူသုံးကုန်ပစ္စည်းများကို ဗလာမပါကံစမ်းမဲဖောက်၍ အမှတ်တရ လက်ဆောင်ပေးအပ်ခဲ့ပြီးတက်ရောက်လာကြသော မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာန ဆိုင်ရာများ၊ ရပ်မိရပ်ဖများ နှင့်ဝန်ထမ်းများအား နံနက်စာဖြင့် ဧည့်ခံကျွေးမွေးခဲ့ကြောင်းသိရသည်။

မယု(ငဖဲ)