ဟင်္သာတ နိုဝင်ဘာ ၇
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဟင်္သာတမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ၂၀၂၁-၂၀၂၂ ဘဏ္ဏာနှစ် ၆ လ ဘတ်ဂျက်တွင် မြစိမ်းရောင် ကျေးရွာစီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်မည့် ဘိတ်ရိုးကျေးရွာအုပ်စု ဘိတ်ရိုးကျေးရွာ၌ စီမံကိန်းမိတ်ဆက်ရှင်းလင်းခြင်းနှင့် ကော်မတီဖွဲ့စည်းခြင်း အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီက မြို့နယ် ဦးစီးမှူးနှင့်အဖွဲ့က ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
အခမ်းအနားတွင် ဟင်္သာတမြို့နယ် ကျေးလက်ဦးစီးမှူး ဦးညီညီဆွေက ကျေးလက်နေပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းနှင့် မိသားစုဝင်ငွေများ တိုးပွားလာခြင်းဖြင့် ကျေးလက်ဒေသဆင်းရဲမှုနှုန်းကို လျော့ချနိုင်ရန်၊ တိုးပွားလာသော ရန်ပုံငွေများဖြင့် ကျေးရွာအတွက် လိုအပ်သော ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများကို ကျေးရွာမှ ကိုယ်တိုင် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် ကျေးလက်လူထု၏ စွမ်းဆောင်ရည် တိုးတက်လာစေရန်နှင့် မမျှော်မှန်းနိုင်သော ဘေးအန္တရာယ်များ ကျရောက်လာပါက တုန့်ပြန်မူအားကောင်းသော လူမူအဖွဲ့အစည်းများ ပေါ်ပေါက်လာစေရန် ရည်ရွယ်၍ မြစိမ်းရောင်စီမံကိန်းကို ဆောင်ရွက်ခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ကျေးရွာအတွင်းရှိအိမ်ထောင်စု (၁၀၅) စု အနက်မှ အိမ်ထောင်စု (၉၅)စုတို့မှ အသင်းဝင်းများ တက်ရောက်ခဲ့ ကြပြီး ကိုဗစ်-၁၉ လမ်းညွှန်ချက်မတားနှင့်အညီ ကျေးရွာရန်ပုံငွေ ကြီးကြပ်မှုကော်မတီ (၇) ဦးကို ဖွဲ့စည်းခဲ့သည်။ ဟင်္သာတမြို့နယ်တွင် မြစိမ်းရောင် စီမံကိန်းကို ၂၀၁၄-၂၀၁၅ ခုနှစ် ဘဏ္ဏာရေးနှစ်မှ စတင်ဆောင်ရွက်ခဲ့ပြီး လက်ရှိတွင် ကျေးရွာပေါင်း(၁၆၃) ရွာတွင် အကောင်အထည်ဖော် ဆောင်ရွက်လှက်ရှိကြောင်း သိရသည်။
ကိုဇော် -ဟင်္သာတ