(၃၃)နှစ်မြောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နှစ်ပတ်လည်နေ့အခမ်းအနားကျင်းပ

ရေဦး    နို၀င်ဘာ   ၇

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်ရေဦးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရွှေနဒီဦး ခန်းမတွင် ယနေ့ နံနက် ၆ နာရီက(၃၃)နှစ်မြောက် ဌာနနှစ်ပတ်လည်နေ့ အခမ်းအနား ကျင်းခဲ့သည်။

အခမ်းအနားသို့ နိုင်ငံတော်ဗဟိုသံဃာ၀န်ဆောင်ဆရာတော် ရေဦးမြို့ မင်္ဂလာရာမစာသင်ကျောင်းတိုက် ဦးစီးပဓာန နာယကဆရာတော် အဂ္ဂမဟာပဏ္ဍိတ မဟာဂန္ဓဝါစက ဘဒ္ဒန္တဝေပုလ္လာစာရ၊ မြို့နယ်သံဃာနာယကဥက္ကဋ္ဌ ဆရာတော်နှင့် သံဃာတော်များ ကြွရောက် ချီးမြှင့်ခဲ့ကြသည်။

အခမ်းအနားတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းနိုင်ထွန်း၊ သာသနာရေးဦးစီးမှုး ဦးဌေး၀င်း၊ ဦးဌေး၀င်း၊ဒုမြို့နယ်အုပ်ချုပ်ရေးမှုး ဦးကျော်မင်းခိုင်နှင့်ရပ်ကွက် ကျေးရွာအုပ်စုစာရေး ၀န်ထမ်းများ၊ ဌာနဆိုင်ရာများက ဆရာတော် ဘဒ္ဒန္တဝေပုလ္လာစာရထံမှ ငါးပါးသီလခံယူဆောက်တည်ကာ ဆရာတော်ကြီးများရွတ်ဖတ် သရစ္ဇျာယ်တော်မူသော မေတ္တာသုတ်ပရိတ်တရားတော်ကို နာယူကြည်ညိုခဲ့ကြသည်။ ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းနိုင်ထွန်း ဇနီးဒေါ်မျိုးမျိုးထိုက်တို့က ဆရာတော်ကြီးများ သံဃာတော်အရှင်သူမြတ်တို့ကို န၀ကမ္မလှုဘွယ်၀တ္ထုငွေနှင့် အရုဏ်ဆွမ်းများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။

ထို့နောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နှစ်ပတ်လည်နေ့အထိမ်းအမှတ်အဖြစ် ၀န်ထမ်းများအား ကံစမ်းမဲဖောက် ပေးခြင်း ပြုလုပ်ခဲ့ကြကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)