ပခုက္ကူ နိုဝင်ဘာ ၇
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့တွင် (၃၃)နှစ်မြောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နှစ်ပတ်လည်နေ့ အထိမ်းအမှတ် အာရုဏ်ဆွမ်းကပ် လှူပွဲအခမ်းအနားကို ယနေ့နံနက် ၆ နာရီက ခရိုင်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ မြဧရာ ၁ ခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် ဆရာတော်သံဃာတော်များနှင့် ဧည့်ပရိသတ်များက နမောတဿသုံးကြိမ် ရွတ်ဆိုဘုရား ကန်တော့ပြီး ပခုက္ကူမြို့နယ် သံဃနာယကဥက္ကဋ္ဌ၊ မဟာဝိသုတာရာမ(အလယ်) တိုက်ကြီး၏ တိုက်အုပ်နာယက ဆရာတော် အဂ္ဂမဟာပဏ္ဍိတဘဒ္ဒန္တအရိယာဝံသ အရှင်သူမြတ်ထံမှ ငါးပါးသီလ ခံယူ ဆောက်တည်ခဲ့ကြပြီး လှူဒါန်းမှု အစုစုတို့အား ရေစက်သွန်းချ အမျှဝေခဲ့သည်။ ယင်းနောက် ဆရာတော် သံဃာတော်များအား ခရိုင်အုပ်ချုပ်ရေးမှူး ဦးစန်းလှိုင်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမိုးကျော်သူနှင့် တာဝန်ရှိသူများ လှူဖွယ်ဝတ္ထုပစ္စည်းများနှင့် အာရုဏ်ဆွမ်းဆက်ကပ်လှူသည်။
ဆက်လက်၍ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ သက်ကြီးအငြိမ်းစားဝန်ထမ်းများအား ခရိုင်အုပ်ချုပ်ရေးမှူး ဦးစန်းလှိုင်က အမှတ်တရပစ္စည်းများ ဂါရပြု လက်ဆောင်ပေးအပ်သည်။
ထို့နောက် (၃၃)နှစ်မြောက် အထွေထွအုပ်ချုပ်ရေးဦးစီးဌာန နှစ်ပတ်လည်နေ့ အထိမ်းအမှတ် အခမ်း အနားတွင် ဌာနဆိုင်ရာများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များအား နံနက်စာဖြင့် ဧည့်ခံ ကျွေးမွေးခဲ့ကြောင်း သိရသည်။
အောင်ဇော်(ပြန်ဆက်)