မင်္ဂလာတောင်ညွန့်မြို့နယ်တွင် အသက်(၁၂)နှစ်မှ အသက်(၁၈) နှစ်အတွင်းရှိ ကျောင်းသား/ ကျောင်းသူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိ

မင်္ဂလာတောင်ညွန့်    နိုဝင်ဘာ   ၇

 ရန်ကုန်အရှေ့ပိုင်းခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်တွင် အသက်(၁၂)နှစ်နှင့် အသက်(၁၈) နှစ်အတွင်းရှိ အခြေခံပညာ အထက်တန်း၊ အလယ်တန်း၊မူလတန်းလွန်နှင့်မူလတန်းကျောင်း များရှိ ကျောင်းသား/ကျောင်းသူများအား ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံခြင်းလုပ်ငန်းကို ယနေ့နံနက် ၉ နာရီအချိန်က အ.ထ.က(၁)၊ အ.ထ.က(၃)နှင့် အ.မ.က (၁၇) တို့တွင်  စတင်ထိုးနှံပေးခဲ့ကြောင်း သိရသည်။

 ထိုကဲ့သို့ဆောင်ရွက်ရာတွင် ၂၀၂၁-၂၀၂၂ ခုနှစ်၊ ပညာသင်နှစ်၌ ကျောင်းအပ်နှံထားသည့် အသက် (၁၂) နှစ်မှ အသက်(၁၈) နှစ်အတွင်းရှိ ကျောင်းသား/ ကျောင်းသူများအား စတင် ထိုးနှံပေးခဲ့ခြင်းဖြစ်သည်။ ကာကွယ် ဆေးထိုးနှံရာတွင် Sinovac အမျိုးအစား ကာကွယ်ဆေး အား ဆေးတစ်လုံးလျှင် နှစ်ဦးကျ ထိုးနှံပေးလျက်ရှိပြီး ဆေးတစ်လုံးလျှင် လူနှစ်ဦးထိုးနှံပေး ကြောင်း သိရသည်။ မင်္ဂလာတောင်ညွန့်မြို့နယ်တွင် ကျောင်းသား/ ကျောင်းသူ(၉၀) ဦးအား အောက်တိုဘာလ ၁၆ ရက်နေ့တွင်  ကာကွယ်ဆေးစတင်ထိုးနှံပေးခဲ့ပြီး ယနေ့တွင် သက်မှတ် စုရပ်များအလိုက် ကာကွယ်ဆေး လာရောက်ထိုးနှံသည့် ကျောင်းသား/ ကျောင်းသူ (၃၈၅)ဦးရှိခဲ့ ကြောင်းသိရသည်။ ကာကွယ်ဆေးထိုးနှံပေးခြင်းကို နိုဝင်ဘာ ၇ ရက်နေ့တွင် ဆက်လက်ထိုးနှံ ပေးသွားမည်ဖြစ်ပြီး ကျောင်းတက်ရောက်သည့် ကျောင်းသား/ကျောင်းသူ တိုင်း ကာကွယ်ဆေး လွှမ်းခြုံမှု ရရှိစေရေးအတွက် ထိုးနှံဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ထို့အပြင် အခြေခံပညာကျောင်းများအား ကျောင်းအပ်နှံရေးကာလအဖြစ် နိုဝင်ဘာ ၁၉ ရက်နေ့ အထိ သတ်မှတ်လက်ခံပေးလျက်ရှိပြီး ကျောင်းသား/ ကျောင်းသူများအနေဖြင့် ပညာသင်ယူခွင့် မဆုံးရှုံးစေရေးအတွက် ကျောင်းအပ်နှံကြရန် နှိုးဆော်ပေးလျက်ရှိပြီး ကျောင်းအပ်နှံပြီး တက်ရောက်မည့် ကျောင်းသား/ ကျောင်းသူများကိုလည်း ကိုဗစ်-၁၉ ရောဂါကူးစက်မှုမှ ကာကွယ်နိုင်ရန်အတွက် ကာကွယ်ဆေးများကို ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးထံမှ သိရသည်။ ကာကွယ်ဆေးများ ထိုးနှံပေးရာ တွင် မြို့နယ်ပညာရေး ဌာနနှင့်အတူ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ပြည်သူ့ ကျန်းမာရေး ဦးစီးဌာန၊ မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ်ကြက်ခြေနီအသင်းနှင့် ပရဟိတအဖွဲ့များက ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ချစ်စုဝေ(ပြန်/ဆက်)