ဝက်လက် နိုဝင်ဘာ ၇
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်အတွင်းရှိ ကာကွယ်ဆေး မထိုးနှံရ သေးသည့် အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Phase-3 (ပထမအကြိမ်) အဖြစ် ဝက်လက်မြို့ ဘုရားကြီးဝင်းအတွင်းရှိ ဝင်းလက်ရွှေရည် ဇာတ်ရုံတွင် ယနေ့ နံနက် ၉ နာရီမှ စတင်ကာ ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Phase-3 (ပထမအကြိမ်) ထိုးနှံပေးခြင်းကို ဆေးတစ်လုံးလျှင် လူဦးရေ (၅) ဦးနှုန်း ထိုးနှံပေးလျက်ရှိရာ အောက်တိုဘာ ၂၈ ရက်နေ့မှ နိုဝင်ဘာ ၆ ရက်နေ့အထိ ကာကွယ်ဆေး အလုံး (၆၈၉) ကို လူဦးရေ (၃၄၄၄) အား ထိုးနှံပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။
ထိုသို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းများ ဆောင်ရွက်ရာတွင် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက ကျန်းမာရေး ဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ကာကွယ်ဆေးထိုးနှံ သူများအား ကိုယ်အပူချိန် တိုင်းတာခြင်း၊ အသက်(၄၀)နှစ်နှင့်အထက် ကာကွယ်ဆေး လာရောက်ထိုးနှံ သူများအား ကျန်းမာရေး စစ်ဆေးပေးခြင်းများကို ဆောင်ရွက်ပေးခဲ့သည်။
ဝက်လက်မြို့နယ်တွင် ယခင်က ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ဝက်လက်မြို့ အ.ထ.ကကျောင်းဝင်းအတွင်းတွင် ဆောင်ရွက်ခဲ့သော်လည်း ယခုအခါ စာသင်ကျောင်းများ ပြန်လည် ဖွင့်လှစ်နေပြီဖြစ်သောကြောင့် ဝက်လက်မြို့ ဘုရားကြီးဝင်းအတွင်းရှိ ဝင်းလက်ရွှေရည်ဇာတ်ရုံသို့ ပြောင်းရွှေ့ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
မေဇင်ကိုကို (ဝက်လက်)