နမ္မတူမြို့နယ်၌ ပါးစပ်နှင့် နှာခေါင်းစည်း (Mask) မတပ်ဆင်ထားသည့် ပြည်သူများအား ကိုဗစ်ပိုး ရှိ/မရှိ ရှောင်တခင်ကွင်းဆင်းစစ်ဆေးခြင်းဆောင်ရွက်

နမ္မတူ     နိုဝင်ဘာ   ၇

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကော်မတီ၏ စီစဉ်ကြီးကြပ်မှုဖြင့် ကိုဗစ်-၁၉ ရောဂါ ကွင်းဆက်ပြတ်တောက်ပြီး အမြန်ဆုံး ကာကွယ်ထိန်းချုပ်နိုင်ရေးနှင့် ရောဂါကူးစက်ခံရမှု လျော့ကျစေရေးရည်ရွယ်၍ မြို့နယ်အတွင်း လှုပ်ရှား သွားလာလျက်ရှိသည့် ပါးစပ်နှင့် နှာခေါင်းစည်း (Masks) မတပ်ဆင်ထားသော ပြည်သူများအား  ကိုဗစ်ပိုး ရှိ/မရှိ RDT Test Kit ဖြင့် ရှောင်တခင် စစ်ဆေးဆောင်ရွက်ခြင်းကို ယမန်နေ့ ညနေ (၄)နာရီ အချိန်က နမ္မတူမြို့နယ်၊ နမ္မတူရပ်ကွက် မြို့နယ်တရားရုံးအနီးရှိ လမ်းဆုံ၌  ဆောင်ရွက်ခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် နမ္မတူမြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းမင်းထွန်း၊ မြို့နယ်သစ်တောဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးချမ်းမြေ့အောင်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ကျော်ဇောအောင်၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးဝဏ္ဏထွန်းအေးတို့က အနီးကပ်ကြီးကြပ်လျက် မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ စာရေးများဖြင့် ပူးပေါင်းကာ မြို့နယ်အတွင်း လှုပ်ရှားသွားလာလျက်ရှိသည့်  ပါးစပ်နှင့်နှာခေါင်းစည်း (Masks) မတပ်ဆင်ထားသည့် ဒေသခံပြည်သူ ၆၆ ဦးအား  ကိုဗစ်ပိုးရှိ/မရှိ RDT Test Kit ဖြင့် အခမဲ့ရှောင်တခင်စစ်ဆေးခဲ့ရာ တစ်ဦးတွင် ကိုဗစ်ပိုး တွေ့ရှိသဖြင့် ကုသဆောင်ရွက်ပေးလျက်ရှိကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးထံက သိရသည်။

လူမော် (ပြန်/ဆက်)