လွိုင်ကော် နိုဝင်ဘာ ၆
ကယားပြည်နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ၂၀၂၁ ခု အောက်တိုဘာလမှ ၂၀၂၂ ခု မတ်လအထိ (၆)လ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု/ပြည်နယ် ငွေလုံးငွေရင်း ခွင့်ပြု ရန်ပုံငွေဖြင့် တင်ဒါခေါ်ယူ ဆောင်ရွက်သည့် လုပ်ငန်းများ၏ တင်ဒါစိစစ်ရွေးချယ်ပွဲကို ယနေ့ နံနက် ၈ နာရီအချိန်က လွိုင်ကော်မြို့၊ ဒေါဥခူရပ်ကွက်ရှိ လမ်းဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ ကယားပြည်နယ်အစိုးရအဖွဲ့၊ တင်ဒါကော်မတီဥက္ကဋ္ဌ၊ လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ရဲမှူးကြီးမျိုးဆွေက ပြည်ထောင်စု/ပြည်နယ်ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်မည့် လယ်ယာ ကုန်ထုတ်လမ်း တံတားလုပ်ငန်း၊ ရေပေးရေး လုပ်ငန်းများကို နိုင်ငံတော် သမ္မတရုံး၏ တင်ဒါလုပ်ထုံး လုပ်နည်း ညွှန်ကြားချက်အမှတ် (၁/၂၀၁၇)နှင့်အညီ စုစုပေါင်း Lot (၁၃)ခု ဖြင့်တင်ဒါခေါ်ယူခဲ့ပြီး ကုမ္ပဏီများမှ အဆိုပြုတင်သွင်းလာတဲ့ နည်းပညာ အဆိုပြုလွှာနှင့် ဈေးနှုန်းအဆိုပြုလွှာများအား တင်ဒါလက်ခံရေးနှင့် စိစစ်ရေးကော်မတီမှ တင်ဒါကော်မတီဝင်များ၊ ကုမ္ပဏီများ၏ ရှေ့မှောက်တွင် ပွင့်လင်းမြင်သာစွာ ဖွင့်ဖောက် စိစစ်သွားမည် ဖြစ်ကြောင်း၊ တင်ဒါအောင်မြင်သည့် ကုမ္ပဏီအနေဖြင့် လုပ်ငန်း ဆောင်ရွက်သည့်အခါ နိုင်ငံတော်ဘဏ္ဍာငွေများ အကျိုးရှိအောင် အလေးထား ဆောင်ရွက်ကြရန် နှင့် ဌာနသတ်မှတ်ထားသည့် စံချိန်စံညွှန်းများအတိုင်း အရည်အသွေး ပြည့်မီအောင် ဆောင်ရွက်သွားရန် လိုအပ်ကြောင်း အဖွင့်အမှာစကား ပြောကြားခဲ့သည်။
ဆက်လက်၍ ကယားပြည်နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ ပြည်နယ် ဦးစီးမှူး ဦးစောဒီးဒီက တင်ဒါစိစစ်ရွေးချယ်ခြင်းနှင့် ပတ်သက်၍ အကျဉ်းချုပ်တင်ပြပြီး Lot (၁)ခုချင်းအလိုက် နည်းပညာအဆိုပြုလွှာအား ကော်မတီဝင်များနှင့် ကုမ္ပဏီများ၏ ရှေ့မှောက်တွင် ပွင့်လင်းမြင်သာစွာ ဖွင့်ဖောက်စစ်ဆေးပြီး ရမှတ်များအား မှတ်တမ်းတင်၍ နည်းပညာ အဆိုပြုလွှာ အောင်မြင်သူများအား ကြေငြာခဲ့သည်။
ထို့နောက် နည်းပညာအဆိုပြုလွှာ အောင်မြင်သူများ၏ ဈေးနှုန်းအဆိုပြုလွှာအား ဖွင့်ဖောက် စိစစ်ခြင်းနှင့် ရမှတ်များအား မှတ်တမ်းတင်ခြင်းတို့ကို ဆောင်ရွက်ခဲ့ကြသည်။
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနသည် ကျေးလက်ဒေသများ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိက တာဝန်ယူ ဆောင်ရွက် လျက်ရှိပြီး ကျေးလက်နေ ပြည်သူများ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေး၊ ဆင်းရဲနွမ်းပါးမှုလျော့ချရေး၊ မြို့ပြနှင့်ကျေးလက် ဖွံ့ဖြိုးမှုကွာဟချက်များ ကျဉ်းမြောင်းစေရေးအတွက် ကျေးလက်နေ ပြည်သူများ အလုပ်အကိုင်နှင့် ဝင်ငွေတိုးပွား လာစေရန် အသက်မွေးဝမ်းကြောင်း သင်တန်းများ၊ မြစိမ်းရောင်စီမံကိန်း၊ ကျေးရွာဖွံ့ဖြိုးရေး စီမံကိန်း (VDP) လူထုဗဟိုပြု စီမံကိန်း (CDD) လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိသည်။
ယင်းအခမ်းအနားသို့ ကယားပြည်နယ်အစိုးရအဖွဲ့၊ တင်ဒါကော်မတီဥက္ကဋ္ဌ၊ လမ်းပန်း ဆက်သွယ်ရေး ဝန်ကြီး ရဲမှူးကြီး မျိုးဆွေ၊ ကယားပြည်နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးစောဒီးဒီ၊ တင်ဒါကော်မတီဝင်များ၊ ကုမ္ပဏီများမှ တာဝန်ရှိသူများ တက်ရောက် ခဲ့ကြကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)