ဟိုပန်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရန် မဖြစ်မနေ နှာခေါင်းစည်း (Mask) တပ်ဆင်ရေး ကြီးကြပ်စစ်ဆေးမှုများ ဆောင်ရွက်

ဟိုပန် နိုဝင်ဘာ ၆                  

"ဝ" ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်မြို့တွင် ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်နှုန်း လျော့နည်းကျဆင်းမှု မြန်ဆန်စေရန်နှင့် ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်စေရန် အတွက် မဖြစ်မနေ နှာခေါင်းစည်း (Mask) တပ်ဆင်ရေး ကြီးကြပ် စစ်ဆေးခြင်းကို ယနေ့နံနက်ပိုင်းက ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် ဟိုပန်မြို့နယ်၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲဝင်းထိုက်နှင့် ကော်မတီဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ယာဉ်ထိန်းတပ်ဖွဲ့၊ စည်ပင် သာယာရေးအဖွဲ့နှင့် မီးသတ်တပ်ဖွဲ့တို့ ပူးပေါင်းပြီး  မြို့လယ်လမ်းမကြီးတစ်လျှောက်နှင့် မြို့ပေါ် ရပ်ကွက် လမ်းမများတွင် ဖြတ်သန်းသွားလာနေကြသည့် ပြည်သူများကို ကျန်းမာရေး ဝန်ကြီးဌာန၏ စည်းကမ်းချက်၊ လမ်းညွှန်ချက်များနှင့်အညီ သွားလာနေထိုင်ကြစေရေး နှာခေါင်းစည်း(Mask) တပ်ဆင်ခြင်း ရှိ/မရှိ ကြီးကြပ်စစ်ဆေးခြင်းများပြုလုပ်ကာ နှာခေါင်း စည်း တပ်ဆင်ထားခြင်းမရှိသည့် ပြည်သူများကို  မြို့နယ်ရဲစခန်းတွင် ခံဝန်ကတိ လက်မှတ်ရေးထိုးစေပြီး နောက်နောင် တွင် ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် နှာခေါင်းစည်း (Mask) များ အခမဲ့ပေးဝေခဲ့ကြောင်း သိရသည်။

ဟိုပန်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးဆိုင်ရာ လမ်းညွှန်ချက်၊ စည်းကမ်းချက်များကို မနက်တစ်ကြိမ်၊ ညနေ တစ်ကြိမ် အသံချဲ့စက်ဖြင့် လိုက်လံ၍ အသိပညာပေး နှိုးဆော်မှုများ ပြုလုပ်ဆောင် ရွက်ပေးလျက်ရှိကြောင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းကော်မတီထံမှ သိရှိရသည်။

ဇင်ဇင် (ပြန်/ဆက်)