မိုးကောင်းမြို့နယ်အတွင်းရှိ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့များ၏ စာပေယဉ်ကျေးမှုများ ဖော်ထုတ် ထိန်းသိမ်းနိုင်ရေး ညှိနှိုင်းဆွေးနွေးခြင်းနှင့် ထောက်ပံ့ခြင်းများဆောင်ရွက်

မြစ်ကြီးနား နိုဝင်ဘာ ၆

ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်အတွင်းရှိ တိုင်းရင်းသားစာပေ ယဉ်ကျေးမှုအဖွဲ့များ၏ လိုအပ်ချက်များနှင့် စာပေယဉ်ကျေးမှုများ ရှာဖွေဖော်ထုတ် ထိန်းသိမ်းနိုင်ရေးအတွက် ညှိနှိုင်းဆွေးနွေး ဆောင်ရွက်မှုများကို ပြည်နယ်အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးကျော်မင်းခိုင်က ယမန်နေ့ နံနက်ပိုင်းတွင် မိုးကောင်းမြို့၌ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

ရှေးဦးစွာ ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး ဦးကျော်မင်းခိုင်သည် ပြည်နယ်တိုင်းရင်းသား စာပေနှင့် ယဉ်ကျေးမှု ဦးစီးဌာန တာဝန်ရှိသူများနှင့်အတူ မိုးကောင်းမြို့၊ ဒေဝဘုန်းတော်ကြီး ကျောင်းတိုက်၌ ကျောင်းထိုင်ဆရာတော်အား ဖူးမျှော်ကြည်ညိုပြီး လှူဖွယ်ပစ္စည်းများနှင့် ဝတ္ထုငွေများကို ဆက်ကပ် လှူဒါန်းခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးနှင့် တာဝန်ရှိသူများသည် ဘုန်းတော်ကြီးကျောင်းဝင်းအတွင်း တိုင်းခမ်းတီဗဟို စာပေယဉ်ကျေးမှုဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ ဆရာဖြစ် သင်တန်း တက်ရောက်မည့် သင်တန်းသား၊ သင်တန်းသူများနှင့် တွေ့ဆုံပြီး တိုင်းခမ်းတီစာပေ ယဉ်ကျေးမှုနှင့် တိုင်းခမ်းတီသံဃ သာသနနုဂ္ဂဟအသင်းတို့၏ ရှေးပုရပိုက်များမှ သုတေသနပြု ဘာသာပြန်ပြုစု ထိန်းသိမ်းခြင်း လုပ်ငန်းများနှင့် ကွန်ပျူတာစနစ်ဖြင့် ထိန်းသိမ်းနေမှု အခြေအနေများ၊ ရိုးရာယဉ် ကျေးမှုလက်မှု ပညာရပ်များနှင့် ရှေးဟောင်းသမိုင်းဝင်စေတီများ ထိန်းသိမ်းစောင့်ရှောက်နိုင်ရေး ကြိုးပမ်းဆောင်ရွက် နေမှုများနှင့် တိုင်းခမ်းတီစာပေ သင်ကြားရေး ဆရာ/ဆရာမများ အခက်အခဲများကို ရင်းနှီးပွင့်လင်း စွာဆွေးနွေးတိုင်ပင်ခဲ့ကြကာ ပြည်နယ်ဝန်ကြီးက တိုင်းခမ်းတီစာပေယဉ်ကျေးမှုအဖွဲ့၏ ကလေးသူငယ် အစောပိုင်း ကာလဖွံ့ဖြိုးရေး ဆရာအဖြစ် သင်တန်းအတွက် ထောက်ပံ့ငွေကျပ် ၃ သိန်းကို ထောက်ပံ့ ပေးအပ်ခဲ့ပြီး တိုင်းခမ်းတီစာပေ သင်ရိုးညွှန်းတမ်းစာအုပ်များ ပြုစုထားရှိမှုနှင့် ရှေးဟောင်း ပုရပိုက်များ စုဆောင်းထိန်းသိမ်း ထားရှိမှုကို ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ထိုမှတစ်ဆင့် မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ မြို့နယ်စီမံ အုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ မြို့နယ်အတွင်းရှိ ဂျိမ်းဖောစာပေနှင့် ယဉ်ကျေးမှု ကော်မတီ၊ ရှမ်းတိုင်းရင်းသားရိုးရာ ယဉ်ကျေးမှု ကော်မတီ၊ တိုင်းလုံစာပေယဉ်ကျေးမှုအဖွဲ့၊ တိုင်းခမ်းတီစာပေ ယဉ်ကျေးမှု အဖွဲ့ဝင်များနှင့် တွေ့ဆုံပြီး ပြည်နယ်ဝန်ကြီးက အစိုးရအဖွဲ့ အနေဖြင့် တိုင်းရင်းသားများ၏ စာပေယဉ်ကျေးမှုများ ဖော်ထုတ်ပြုစုထိန်းသိမ်းနိုင်ရေးအတွက် ပံ့ပိုးကူညီပေးရန် အသင့်ရှိပါကြောင်း၊ ထို့အပြင် မိမိတို့ ပြည်နယ်အတွင်း နေထိုင်သည့်မည်သည့် တိုင်းရင်းသားမဆို ကျောသားရင်းသား မခွဲခြားဘဲ ကူညီဆောင်ရွက် ပေးရမည်ဖြစ်ကြောင်း တိုက်တွန်းပြောကြားသည်။

ယင်းနောက် တိုင်းရင်းသားစာပေ ယဉ်ကျေးမှုအဖွဲ့ဝင်များက ကော်မတီရုံးရရှိရေး၊ စာပေနှင့် ရိုးရာယဉ်ကျေးမှုများ သုတေသနပြုထိန်းသိမ်းရာတွင် ကူညီထောက်ပံ့ပေးနိုင်ရေး၊ ရိုးရာယဉ်ကျေးမှု ပွဲတော်များ ဖြစ်မြောက်ရေးအတွက် ပံ့ပိုးကူညီပေးနိုင်ရေးနှင့် အခြေခံပညာ ကျောင်းများတွင် တိုင်းရင်းသားစာပေ သင်ကြားနေကြသည့် ဆရာ/ဆရာမများ၏ လိုအပ်ချက်အခက်များကို တင်ပြဆွေးနွေးကြရာ ပြည်နယ်ဝန်ကြီးက  ဌာနဆိုင်ရာများနှင့် ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ပြီး တိုင်းရင်းသားစာပေ ယဉ်ကျေးမှု အဖွဲ့များအတွက် နှာခေါင်းစည်း Mask များ၊ ထောက်ပံ့ငွေကျပ် ၂ သိန်းစီဖြင့် စုစုပေါင်းငွေကျပ် ၈ သိန်းကို ထောက်ပံ့ ပေးအပ်ခဲ့သည်။

ပြည်နယ်(ပြန်/ဆက်)