မှော်ဘီ နိုဝင်ဘာ ၆
ကျေးလက်နေပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းများ ရရှိစေရန်၊ မိသားစုဝင်ငွေများ တိုးပွားလာစေရန်နှင့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ရန်ကုန်မြောက်ပိုင်းခရိုင်၊ မှော်ဘီမြို့နယ်၊ နှောကုန်း(တောင်) ကျေးရွာတွင် ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ်၊ ခြောက်လ ဘတ်ဂျတ်ဖြင့် မြစိမ်းရောင် ကျေးရွာစီမံကိန်းကို မှော်ဘီမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
မြစိမ်းရောင် ကျေးရွာစီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်သွားနိုင်ရေး အတွက်လည်း နိုဝင်ဘာလ(၅)ရက်နေ့က မှော်ဘီမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြိုနယ်ဦးစီးမှူး ဦးတင်စိုးနှင့်ဝန်ထမ်းများက နှောကုန်း(တောင်)ကျေးရွာတွင် ကျေးရွာနေ ပြည်သူများနှင့် တွေ့ဆုံ၍ စီမံကိန်းအကြောင်း မိတ်ဆက်ရှင်းလင်းခြင်းနှင့် စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက် သွားနိုင်ရန်အတွက် ကျေးရွာကော်မတီ ဖွဲ့စည်းခြင်း တို့ကို ဆောင်ရွက် ခဲ့ကြကြောင်းလည်း သိရသည်။
ကျေးရွာနေ ပြည်သူများနှင့် တွေ့ဆုံရာတွင်လည်း မြိုနယ်ဦးစီးမှူး ဦးတင်စိုးက မြစိမ်းရောင် ကျေးရွာစီမံကိန်း ဆောင်ရွက်သည့် ကျေးရွာတစ်ရွာလျှင် အရင်းမပျောက်လည်ပတ်ရန်ပုံ ငွေကျပ်သိန်း(၃ဝဝ)ကို ထောက်ပံ့ပေးသွားမည် ဖြစ်ပါကြောင်း၊ စီမံကိန်းရန်ပုံငွေဖြင့် ကျေးရွာနေ ပြည်သူများ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ကုန်ထုတ်လုပ်ငန်း လုပ်ကိုင်ရေးနှင့် အခြားအသက်မွေးဝမ်းကျောင်း လုပ်ငန်းများကို လုပ်ကိုင်နိုင်မည်ဖြစ်ကြောင်း၊ စီမံကိန်း အတိုးရငွေဖြင့်လည်း ကျေးရွာဖွံ့ဖြိုးရေး လုပ်ငန်းများကို ဆောင်ရွက်သွားနိုင်မည့် စီမံကိန်း ဖြစ်ပါကြောင်း မိတ်ဆက်ရှင်းလင်း ပြောကြားခဲ့ကာ ကျေးရွာအမှိုက်ကင်းစင် ရေးလုပ်ငန်းများကိုပါ စည်းရုံးဆောင်ရွက်ခဲ့ပြီး ကျေးရွာနေ ပြည်သူများမှ စီမံကိန်း ဆောင်ရွက် သွားနိုင်ရန်အတွက် ကျေးရွာကော်မတီဝင် (၇)ဦးတို့ကို မဲပေးရွေးချယ် ခဲ့ကြကြောင်း လည်း သိရသည်။
ဇင်မင်းထိုက်(ထန်းတပင်)