သံတွဲ နိုဝင်ဘာ ၅
သံတွဲမြို့နယ် ငပလီကမ်းခြေသာယာလှပရေး၊ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးတို့ကို ရည်ရွယ် ကျင်းပပြုလုပ်သည့် ငပလီကမ်းခြေဆောင်းဦးပွဲတော် အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် (၉) နာရီခွဲအချိန် က ဒွါရာဝတီခန်းမ၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ တိုင်းဦးစီးမှူး ဗိုလ်မှူးချုပ် ကျော်ကျော်သန်း ငပလီကမ်းခြေ ဆောင်းဦးပွဲတော် အောင်မြင်စွာကျင်းပနိုင်ရေးနှင့် ပတ်သက်၍ အမှာစကား ပြောကြားသည်။ ထို့နောက် ငပလီကမ်းခြေ ဆောင်းဦးပွဲတော်ကျင်းပရေးဦးစီးကော်မတီ ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးမြင့် က ပွဲတော်အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းကော်မတီအလိုက် စီမံချက်များရေးဆွဲ၍ ပူးပေါင်းဆောင်ရွက်ရေး ဆိုင်ရာများကို ဆွေးနွေးမှာကြားသည်။
ဆက်လက်၍ ပွဲတော်ကျင်းပရေး လုပ်ငန်းကော်မတီ (၁၅)ခုမှ ဆောင်ရွက်ထားရှိသည့် အစီအမံများကို ကော်မတီအလိုက် ဆွေးနွေးတင်ပြကြရာ တင်ပြချက်များအပေါ် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်၊ တိုင်းဦးစီးမှူး ဗိုလ်မှူးချုပ် ကျော်ကျော်သန်းနှင့် ငပလီကမ်းခြေ ဆောင်းဦးပွဲတော် ကျင်းပရေးဦးစီးကော်မတီ ဥက္ကဋ္ဌ ဦးစိုးမြင့် က ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အစည်းအဝေးအပြီးတွင် ငပလီကမ်းခြေ ဆောင်းဦးပွဲတော် ကျင်းပရေး ဦးစီးကော်မတီ ဥက္ကဋ္ဌ ဦးစိုးမြင့်နှင့် တွေ့ဆုံမေးမြန်းခဲ့ရာ ပွဲတော်ကို နိုဝင်ဘာ ၁၄ ရက်မှ ၁၈ ရက်နေ့အထိ ငါးရက်တိုင်တိုင် ကျင်းပသွားမည်ဖြစ်ကြောင်း၊ ငပလီကမ်းခြေသည် ရသငါးမျိုးပေးစွမ်းနိုင်သည့် ကမ်းခြေတစ်ခုဖြစ်ပြီး ကမ်းခြေအရှည်မိုင်မှာ ၁၄မိုင်ခွဲရှိပြီး အခြားနေရာဒေသနှင့် မတူညီသည့် ဖြူဖွေးသောသဲသောင်ပြင်နှင့် ကြည်လင်ပြာလဲ့သော ပင်လယ်ရေပြင်ကြီးနှင့် သာယာလှပလျက် ရှိသဖြင့် အပန်းဖြေအနားယူသူများ စိတ်ချမ်းသာမှု ရရှိစေပါကြောင်း၊ မိမိတို့ဒေသသည် တည်ငြိမ် အေးချမ်းသော ဒေသဖြစ်သဖြင့် ဆောင်ဦးပွဲတော်ကို ကျင်းပနိုင်ခြင်းဖြစ်ကာ စီးပွါးရေးလုပ်ငန်းများ ဖွံ့ဖြိုးကာ ခရီးသွားလုပ်ငန်းများမှ ရရှိသည့် အကျိုးစီးပွါးများ ပေးစွမ်းနိုင်မည်ဖြစ်ပါကြောင်း၊ လာရောက် လည်ပတ် အပန်းဖြေ အနားယူသူများသည်လည်း ဒေသန္တရဗဟုသုတများရရှိပြီး အလှအပများစွာကို ခံစားနိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။
ပွဲတော်ကို ကိုဗစ်-၁၉ ညွှန်ကြားချက်များနှင့်အညီ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး၊ ပွဲတော်တွင် မီနီမာရသွန်ပြိုင်ပွဲ၊ သဲသောင်ပြင်ဘော်လီဘောပြိုင်ပွဲ၊ ချောတိုင်တက်ပြိုင်ပွဲ၊ လွန်ဆွဲပြိုင်ပွဲ၊ စက်ဘီးစီးပြိုင်ပွဲ၊ သဲပန်းချီပြပွဲနှင့် ညဈေးတန်းပွဲတော်ရိုးရာအစားအစာ ရောင်းချပွဲတို့ကို ထည့်သွင်း၍ နေရာခွဲကာ ကျင်းပသွားမည်ဖြစ်ကြောင်းနှင့် ပွဲတော်လုံခြုံရေးဆိုင်ရာများကို အနောက် ပိုင်းတိုင်း စစ်ဌာနချုပ်၊ တိုင်းဦးစီးမှူး ဗိုလ်မှူးချုပ် ကျော်ကျော်သန်း ကိုယ်တိုင် ဦးစီးဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။
သန့်ဇင်