မကွေး နိုဝင်ဘာ ၅
မကွေးတိုင်းဒေသကြီး အမျိုးသမီးအားကစားအဖွဲ့မှ အခြေခံအေရိုးဗစ်/ Fitness Dance သင်တန်း ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ (၁)နာရီအချိန် က တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေ့ဦးစွာ အခမ်းအနားတွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ဦးစိုးပိုင်မြင့် က အဖွင့်အမှာစကားပြောကြားပြီး တိုင်းဒေသကြီးအမျိုးသမီး အားကစားအဖွဲ့ နာယက မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်၏ ဇနီး ဒေါ်ဝင်းဝင်းမြင့် က အမှာစကား ပြောကြားရာတွင် နိုင်ငံတော်၏ မျှော်မှန်းချက်ဖြစ်သော တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးအတွက် အားကစားဆိုင်ရာမူဝါဒများတွင် ကိုယ်လက်လှုပ်ရှားဆေးတစ်ပါးသည် တစ်ခုအပါအဝင် ဖြစ်ကြောင်း၊ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် တိုင်းဒေသကြီး အမျိုးသမီးအားကစားအဖွဲ့တို့၏ လမ်းညွှန်မှုဖြင့် ပြည်သူလူထု တစ်ရပ်လုံးပါဝင်သော အေရိုးဗစ်လူငယ်များနှင့် လှုပ်ရှားဆောင်ရွက်ခွင့် ရတဲ့အတွက် များစွာဂုဏ်ယူမိပါကြောင်း၊ တိုင်းဒေသကြီးအတွင်းရှိ ခရိုင်/မြို့နယ်များတွင်လည်း သင်တန်းများဖွင့်လှစ်ပြီး အားကစားလှုပ်ရှားမှု ဆောင်ရွက်ရန် အေရိုးဗစ် အခြေခံ/ အဆင့်မြှင့် Fitness Dance သင်တန်းကို မကွေးတိုင်းဒေသကြီး အားကစားခန်းမတွင်(၁၀.၁၁.၂၀၂၁) ရက်နေ့မှ (၂၀.၁၁.၂၀၂၁) ရက်နေ့အထိ ဖွင့်လှစ်မည့် သင်တန်းသို့ မကွေးတိုင်းတွင် တိုင်း/ခရိုင်/မြို့နယ်များမှ နည်းပြ/နည်းစနစ်မှူးနှင့် ဝန်ထမ်းများ၊ ပညာရေးဝန်ကြီးဌာနမှ ကာယဆရာ/ ဆရာမများ၊ တိုင်း/ခရိုင်/မြို့နယ် ဌာနဆိုင်ရာများမှ သင်တန်းလာရောက်တက်ရောက်ကြသည့် ဝန်ထမ်းများမှ မိမိတို့ ခရိုင်/မြို့နယ်များတွင် ဆင့်ပွားသင်တန်းများ ဖွင့်လှစ်၍ သင်ကြားပေးစေလိုပါကြောင်း၊ မကွေးတိုင်းဒေသကြီး အမျိုးသမီးအားကစားအဖွဲ့ နာယက ဖလား(၅)ခရိုင်အမျိုးသမီး ကိုယ်ကာယကြံ့ခိုင်မှု လေ့ကျင့်ခန်း အေးရိုးဗစ် ပြိုင်ပွဲနှင့် Fitness Dance ပြိုင်ပွဲအား ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ မကွေးတိုင်းဒေသကြီး အားကစားနှင့် ကာယပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးဝင်းအောင်မှ အမျိုးသမီးအားကစားပြိုင်ပွဲများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ပြီး တက်ရောက်လာသည့် တိုင်းဒေသကြီး အမျိုးသမီးအားကစားအဖွဲ့ဝင်များမှ အသီးသီး ဆွေးနွေးတင်ပြရာ ဆွေးနွေးတင်ပြချက်များအပေါ် မကွေးတိုင်းဒေသကြီး အမျိုးသမီးအားကစား အဖွဲ့ နာယကမှ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ကိုအောင်