ပွင့်ဖြူ နိုဝင်ဘာ ၅
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ဒေသခံတောင်သူများ မဲဇလီရေလွှဲဆည်ရေကို အမှီပြု၍ စိုက်ပျိုးထားသည့် မိုးစပါးသီးနှံစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ပွင့်ဖြူမြို့နယ်၌ ယခု ၂၀၂၁ - ၂၀၂၂ ခုနှစ် မိုးစပါးသီးနှံစိုက်ပျိုးရာသီတွင် မဲဇလီရေလွှဲဆည်ရေကို အမှီပြု၍ မိုးစပါးသီးနှံစိုက်ဧက ၆၈၇၈၃ ဧက လျာထားစိုက်ပျိုးထားရှိကြောင်း သိရကာ ဒေသခံတောင်သူများ သီးနှံအထွက်နှုန်း တိုးပွားရေးအတွက် လိုအပ်သော စိုက်ပျိုးရေး နည်းစနစ်များနှင့် သွင်းအားစုပစ္စည်းများ ထောက်ပံ့ကူညီခြင်း၊ ပိုးမွှားရောဂါ ကြိုတင်ကာကွယ်ရေး ဆောင်ရွက်ရန်နည်းလမ်းများ အသိပညာပေးခြင်းလုပ်ငန်းများကို မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးလှိုင်မြင့် ၏ ကြီးကြပ်မှုဖြင့် ကွင်းတာဝန်ခံများက နယ်မြေကွင်းဆင်းပြီး ကြီးကြပ်ဆောင်ရွက် ပေးခဲ့ကြကြောင်း သိရသည်။
ယခုနှစ် မိုးစပါးစိုက်ပျိုးရာသီတွင် မြို့နယ်အတွင်းရှိ ဒေသခံတောင်သူများက သတ်မှတ်လျာထား ဧက ပြည့်မီရေးအတွက် ကောက်စိုက်စက်များ အသုံးပြု၍လည်းကောင်း၊ ကောက်စိုက် အလုပ်သမားများ ငှားရမ်း၍လည်းကောင်း ကြိုးပမ်းစိုက်ပျိုးခဲ့ကြသဖြင့် သတ်မှတ်လျာထား ဧကဖြစ်သည့် ၆၈၇၈၃ ဧက အပြင် ၃၁၁ ဧက ပိုမိုစိုက်ပျိုးနိုင်ခဲ့ကြောင်းလည်း သိရသည်။ ယခုအခါ ဒေသခံတောင်သူများ စိုက်ပျိုးသည့် မိုးစပါးသီးနှံစိုက်ခင်းများမှာ စိုက်ပျိုးရေအဆင်ပြေမှုနှင့် အချိန်အခါအလိုက် ဆောင်ရွက်ရသည့် မျိုးကွဲနုတ်ပယ်ခြင်း၊ ပေါင်းမြက်ရှင်းလင်းခြင်း၊ သွင်းအားစုပစ္စည်းများ စနစ်တကျ သုံးစွဲခြင်း၊ ပိုးမွှားရောဂါကျရောက်မှု ကင်းဝေးစေရေး ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ကွင်းတာဝန်ခံဝန်ထမ်းများ၏ အနီးကပ်ကြီးကြပ်မှုဖြင့် တောင်သူများက စနစ်တကျ ကြိုးပမ်းဆောင်ရွက်ခဲ့ကြသဖြင့် အောင်မြင် ဖြစ်ထွန်းလျက်ရှိကြောင်း ပွင့်ဖြူမြို့နယ် ရွာခိုင်ကျေးရွာမှ ဒေသခံတောင်သူများထံမှ သိရသည်။
ပွင့်ဖြူမြို့နယ်သည် တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်(၂၅)မြို့နယ်တွင် နှစ်စဉ် စပါးသီးနှံစိုက်ပျိုးမှု အများဆုံးဖြစ်သည့် မြို့နယ်တစ်ခုဖြစ်ကာ စိုက်ပျိုးသည့် စပါးမျိုးများမှာ မနောသုခ၊ ဆင်းသုခ၊ ပေါ်ဆန်းရင်၊ ဧရာပဒေသာ၊ ချမ်းမြေ့မေစပါး တို့ကို အများဆုံးစိုက်ပျိုးကြကြောင်း သိရသည်။ သီးနှံများစိုက်ပျိုးရာ၌ တောင်သူများ စိုက်ပျိုးရေ အခက်အခဲ မဖြစ်စေရေးအတွက် မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန က မဲဇလီရေလွှဲဆည်မှ ဆည်ရေများကို တောင်မုန်းမြောင်းမကြီးနှင့် မြောက်မုန်းမြောင်းမကြီးတို့မှ တစ်ဆင့် ရာသီအလိုက် စိုက်ပျိုးရေအား စနစ်တကျ ဖြန့်ဝေပေးသည့်အတွက် တောင်သူများအနေဖြင့် သီးနှံစိုက်ပျိုးရေးလုပ်ငန်း အဆင်ပြေလျက်ရှိကြောင်း သိရသည်။
ရဲဝင်းနိုင် (ညောင်ဦး)