လောင်းလုံးမြို့၌ ရောဂါကူးစက်ပြန့်ပွားမှုကို ထိန်းချုပ်နိုင်ရေးအတွက် အသိပညာ ပေးနှိုးဆော်

လောင်းလုံး  နိုဝင်ဘာ ၅

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှု ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် ယနေ့နံနက် (၁၀) နာရီခွဲအချိန်က မြို့ပေါ်ရပ်ကွက်များနှင့် လမ်းဆုံလမ်းခွများတွင် အသိပညာပေး နှိုးဆော်ဆောင်ရွက်ခဲ့သည်။

ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုကို ထိရောက်စွာထိန်းချုပ်နိုင်ရေးအတွက် မလိုအပ်ဘဲနေ အိမ်ပြင်ပမထွက်ရန်၊ မရှိမဖြစ် အခြေခံလိုအပ်ချက် များဖြစ်သည့် အခြေခံစားသောက် ကုန်များ၊ ဆေးနှင့် ဆေးပစ္စည်းများသာ စည်းကမ်းချက်နှင့် အညီဖွင့်လှစ်ရောင်းချရန်၊ မဖြစ်မနေ နေအိမ်ပြင်ပ ထွက်ခွာသွားရမည့် ကိစ္စရပ်များ ပေါ်ပေါက်လာပါက ပါးစပ်နှင့်နှာခေါင်းစည်း (Mask) များ စနစ်တကျ တပ်ဆင်၍ တစ်ခုခုကို ကိုင်ကွယ် ထိတွေ့ပြီးတိုင်း လက်ကို ဆပ်ပြာနှင့် အနည်းဆုံးစက္ကန့် (၂၀) ကြာအောင် စနစ်တကျဆေးရန်၊ မိမိတို့၌ ရောဂါပိုးကူးစက်ခံရနေသည်ဟု သံသယရှိပါက နီးစပ်ရာ ကျန်းမာရေး ဌာနများသို့ ဆက်သွယ်၍ မပျက်မကွက် စစ်ဆေးကုသမှုခံယူရန် စသည့် အချက်များ ပါဝင်သည်။

အဆိုပါ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုကို ထိန်းချုပ်နိုင်ရေးအတွက် အသိပညာပေး နှိုးဆော်မှုကို လောင်းလုံးမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက နေ့စဉ်အသိပညာပေးလိုက်လံ နှိုးဆော်လျက်ရှိကြောင်း သိရသည်။

သိန်းသိန်း (ပြန်/ဆက်)