နောင်ချိုမြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှု လျော့ကျစေရေး လုပ်ငန်းညှိနှိုင်း ဆွေးနွေး

နောင်ချို နိုဝင်ဘာ ၅

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု လျော့ကျစေရေးလုပ်ငန်း ညှိနှိုင်းဆွေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ညှိနှိုင်းဆွေးနွေးပွဲတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ကြည်တိုးက နိုင်ငံတော် ဝန်ကြီးချုပ်၏ လမ်းညွှန်မှာကြားချက်၊ ပြည်နယ် အစည်းအဝေး၏ လမ်းညွှန်မှာကြားချက်၊ ခရိုင်အုပ်ချုပ်ရေးမှူး၏ လမ်းညွှန်မှာကြားချက်များအပေါ် ထပ်ဆင့်ရှင်းလင်းခြင်း၊ နောင်ချို မြို့နယ်၏ ပိုးတွေ့နှုန်းကျဆင်းနိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်ကြရန်၊ ထိတွေ့ ဆက်စပ်မှုများအား မိမိရရလုပ်ရန်၊ လူအများဝင်ထွက်သွားလာမှုများသော ရုံး၊ ဌာနများ၊ ဘဏ်များရှိ ဝန်ထမ်းများအား ကိုဗစ်-၁၉ရောဂါပိုး ရှိ/မရှိ စစ်ဆေးပေးသွားရန်၊ ကျေးရွာ အလိုက် ဌာနဆိုင်ရာများ တာဝန်ပေးထားမှုအပေါ် ကိုဗစ်-၁၉ ရောဂါစည်းကမ်းချက်များ အတိုင်းထိရောက်စွာ ပူးပေါင်းဆောင်ရွက်ကြရန်၊ Stay at Home စည်းကမ်းအတိုင်း ပြည်သူများ နေထိုင်ကြစေရေး ကြီးကြပ်ဆောင်ရွက်သွားရန်၊ Home Quarantie နေထိုင်သူ များအား တင်းကြပ်စွာစည်းကမ်းချက်လိုက်နာစေရန် ကာကွယ်ဆေးထိုးနှံခြင်းမရှိသော ဈေးသည်များအား ဈေးရောင်းချခွင့်မပြုရန်စသည်ဖြင့် ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

ဆက်လက်၍ ဆွေးနွေးပွဲသို့ တက်ရောက်လာကြသော ဌာနဆိုင်ရာများ၊ ရပ်ကျေးများက မိမိတို့ကဏ္ဍအလိုက် ပူးပေါင်းဆောင်ရွက် သွားမည် အခြေအနေများကို ဆွေးနွေးခဲ့ကြသည်။ လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာန ဆိုင်ရာများ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြပြီး နောင်ချိုမြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှု လျော့နည်းကျဆင်းစေရေးအတွက် ရည်ရွယ်၍ ဆွေးနွေးညှိနှိုင်းရခြင်း ဖြစ်ကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ထံမှ သိရသည်။

 ထွေးငယ်၊(ပြန်/ဆက်)