နမ္မတူ နိုဝင်ဘာ ၅
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်၊ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းရှိ ပညာရောင်ခြည် ခန်းမ၌ ယနေ့နံနက်(၈)နာရီအချိန်ခန့်က စတင်ကာ ကာကွယ်ဆေးဖြင့် လွှမ်းခြုံအပ်သော အနာဂတ်ပန်းခင်းများဆီသို့ ကျောင်းနေအရွယ် ကလေးတိုင်း ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ဖို့ ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေး ထိုးကြပါစို့ ဆောင်ပုဒ်နှင့်အညီ အသက် (၁၂)နှစ်နှင့်အထက် အခြေခံပညာ အလယ်တန်း၊ အထက်တန်း ကျောင်းသား/ကျောင်းသူများအား ပထမအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ် ဆေးများ ထပ်မံထိုးနှံပေးလျက်ရှိသည်။
အဆိုပါ ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံနေမှု အခြေအနေအား စစ်ဗျူဟာ (နမ္မတူ)မှ ဗိုလ်မှူးကြီး ကျော်ဇေဝင်း၊ မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းမင်းထွန်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ကျော်ဇောအောင်၊ မြို့နယ် ပညာရေးမှူး ဦးစောဝင်းထွေး၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးဝဏ္ဏထွန်းအေး နှင့် တာဝန်ရှိသူများက ကြည့်ရှုစစ်ဆေးကာ ကာကွယ်ဆေးထိုးနှံလျက်ရှိသည့် အသက် (၁၂) နှစ်နှင့်အထက် အခြေခံပညာ အလယ်တန်းနှင့် အထက်တန်း ကျောင်းသား/ကျောင်းသူများ အား အားပေးစကားပြောကြားခဲ့ပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေး သည်။
ထိုသို့ထိုးနှံပေးရာတွင် Sinovac အမျိုးအစားကာကွယ်ဆေး တစ်လုံးလျှင် ၂ဦးနှုန်းဖြင့်၊ အောက်တိုဘာလ (၁၇)ရက်နေ့နှင့် (၁၈) ရက်နေ့တို့တွင် အသက် (၁၂)နှစ်နှင့်အထက် အခြေခံပညာ အလယ်တန်း၊ အထက်တန်း ကျောင်းသား/ကျောင်းသူ ၃၃၆ဦးအား လည်းကောင်း၊ ယနေ့တွင် အသက် (၁၂)နှစ်နှင့်အထက် အခြေခံပညာ အလယ်တန်း၊ အထက်တန်း ကျောင်းသား/ ကျောင်းသူ ၃၅၀ဦးအားလည်းကောင်း ကာကွယ်ဆေးထိုးနှံ ပေးခဲ့ရာ စုစုပေါင်း ကျောင်းသား/ကျောင်းသူ ၆၈၆ဦးအား ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးပြီးပြီဖြစ်ပြီး ကာကွယ်ဆေး ထိုးနှံရန်ကျန်ရှိသည့် ကျောင်းသား/ ကျောင်းသူ ၂၂၀ ဦးအား နောက်ရက်တွင် ဆက်လက်ထိုးနှံ ပေးမည်ဖြစ်ကြောင်း မြို့နယ် ပြည်သူ့ဆေးရုံမှ တာဝန်ရှိသူတစ်ဦးထံက သိရသည်။
ထို့အပြင် ကာကွယ်ဆေးထိုးနှံရာနေရာသို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဝန်ထမ်းများ၊ နယ်မြေခံတပ်နယ်မှ ဆရာဝန် နှင့် သူနာပြုများ၊ မြို့နယ်ပြည်သူ့ ကျန်းမာရေး နှင့် ကုသရေးဦးစီးဌာနမှ ဆရာဝန်နှင့် သူနာပြုများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာများမှဝန်ထမ်းများ၊ မြို့နယ်ကြက်ခြေနီသူများ ပြုတပ်ဖွဲ့နှင့် ပရဟိတ အသင်းအဖွဲ့များမှ စေတနာ့ ဝန်ထမ်းများက ပူးပေါင်းပါဝင် ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
လူမော် (ပြန်/ဆက်)