ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး ညွှန်ကြားချက်များ ပြည်သူများ ပိုမိုသိရှိနိုင်ရေး မြန်မာ ၊ ကယား နှစ်ဘာသာဖြင့် အသိပေးနှိုးဆော်မှုများ ဆောင်ရွက်

လွိုင်ကော် နိုဝင်ဘာ ၂

လွိုင်ကော်မြို့အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး ညွှန်ကြားချက်များကို ပြည်သူများ ပိုမို သိရှိလိုက်နာနိုင်ရေး အသိပေး နှိုးဆော်မှုများအား ရပ်ကွက်များ၊ ကျေးရွာများနှင့် လူစည်ကားရာ နေရာများတွင် မြန်မာ၊ ကယား နှစ်ဘာသာဖြင့် အသံချဲ့စက်များ ၊ လက်ကိုင်စကားပြော အသံချဲ့စက်ဖြင့် သတိပေး နှိုးဆော်မှုများကို လွိုင်ကော်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့က နေ့စဉ် ပူးပေါင်း ဆောင်ရွက်လျက်ရှိရာ ယနေ့တွင်လည်း လွိုင်ကော်မြို့နယ်အတွင်း ဆက်လက်ဆောင်ရွက်သည်။ 

ထိုသို့ ဆောင်ရွက်ရာတွင် လွိုင်‌ကော်မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုများပြား လာသောကြောင့် မိဘပြည်သူများအနေဖြင့် လက်ရှိအခြေအနေတွင် အတတ်နိုင်ဆုံး အိမ်တွင်း၌သာ နေထိုင်ကြရန်၊ မိမိအိမ်တွင်ပြင်ပမှ လာသောဧည့်သည်များအား လက်မခံပါရန်၊ မဖြစ်မနေ ပြင်ပသို့သွားလာရပါကပါးစပ် နှာခေါင်းစည်းတို့ကို စနစ်တကျတပ်ဆင်ရန်၊  Mask မတပ်သူများနှင့် တွေ့ဆုံခြင်း၊ စကားပြောခြင်း၊ ဈေးရောင်းဈေးဝယ် ခြင်းများ ရှောင်ကြဉ်ရန်၊ လူစုလူဝေးပြုလုပ်ခြင်း၊ သွားလာခြင်း များကို ရှောင်ကြဉ်ကြရန်၊ တစ်စုံတစ်ရာကိုင်တွယ် ထိတွေ့ပြီးတိုင်း လက်ကိုဆပ်ပြာနှင့် အနည်းဆုံး စက္ကန့် (၂၀)ကြာအောင် စနစ်တကျဆေးကြောရန်၊ လက်ကိုဆေးကြောခြင်းမပြုဘဲ ပါးစပ်၊ နှာခေါင်းနှင့် မျက်စိတို့ကို ကိုင်တွယ်ခြင်း မပြုလုပ်ကြရန် ၊ မိမိနေထိုင်ရာအခန်းကို လေဝင်လေထွက် ကောင်းအောင် လုပ်ဆောင်ရန်၊ အပြင်မှပြန်လာပြီးတိုင်း ပါးစပ်နှာခေါင်းစည်းများကို စနစ်တကျစွန့်ပစ်ရန်၊ မိမိတို့၌ ရောဂါပိုး ကူးစက်ခံရနေသည်ဟု  သံသယရှိပါက နီးစပ်ရာ ကျန်းမာရေးဌာနများသို့ ဆက်သွယ်၍ မပျက်မကွက် စစ်ဆေး ကုသမှုခံယူရန်နှင့်  ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ညွှန်ကြားချက်များ၊ ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဗဟိုကော်မတီမှ အသိပေး ပန်ကြားချက်များကို မိဘပြည်သူများအနေဖြင့် တိကျစွာ လိုက်နာဆောင်ရွက်ကြရန်တို့ကို တိုက်တွန်းနှိုးဆော်ခဲ့သည်။

ကယားပြည်နယ်အတွင်း ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုအခြေအနေမှာ ဇွန်လ (၂၉) ရက်နေ့ မှ နိုဝင်ဘာ (၁) ရက်နေ့အထိ ဓါတ်ခွဲအတည်ပြုလူနာ စုစုပေါင်းမှာ (၄၈၈၇)ဦးရှိပြီး ၊ ပြန်လည်ကျန်းမာလာသူ စုစုပေါင်း (၄၂၄၄) ဦးရှိပြီး ယနေ့သေဆုံးလူနာမရှိကြောင်းနှင့် စုစုပေါင်း သေဆုံးလူနာ(၁၉၈) ဦး ရှိကြောင်း ကယားပြည်နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီထံမှ သိရှိရသည်။


ခရိုင်(ပြန်/ဆက်)