မင်းဘူး ဩဂုတ် ၁၉
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့တွင် မြို့နယ်ကလေးသူငယ်အခွင့်အရေးများ ဆိုင်ရာကော်မတီ အစည်းအဝေးကို ယမန်နေ့နံနက် ၉ နာရီ အချိန်က မင်းဘူးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေး ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ အစည်းအဝေးတွင် မြို့နယ်ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကော်မတီဥက္ကဋ္ဌ၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးသိန်းဇော်ကံက အဖွင့်အမှာစကားပြောကြားရာ သက်ငယ်မုဒိမ်းမှုသည် အခြေအနေအချိန်အခါ နေရာမရွေးဖြစ်နိုင်သည့်အတွက် မိဘ၊ အုပ်ထိန်း သူများနှင့် ရပ်ရွာလူထုအား ကလေးသူငယ်များအပေါ် သက်ငယ်မုဒိမ်းမှုကျရောက်ခြင်းမှ ကြိုတင် ကာကွယ်နိုင်ရေး အသိပညာပေး ဆောင်ရွက်သွားကြရန် ပြောကြားခဲ့သည်။ ထို့နောက် မကွေးတိုင်း ဒေသကြီး လူမှုဝန်ထမ်းရုံး၊ ဦးစီးအရာရှိ ဒေါ်ဖြူပြာက COVID-19 ကာလအတွင်း ကိုယ်ဝန်ဆောင် ထောက်ပံ့ကြေး လျှောက်လွှာထားရမည့် ငွေဗိုက် Application ဖြင့် ထောက်ပံ့ငွေများအား အကျုံးဝင်သူအားလုံး ရရှိနိုင်ရေးအတွက် ရပ်ကွက်၊ ကျေးရွာများအထိ သတင်းအချက်အလက်များ ရောက်ရှိနိုင်ရေး အားလုံးပူးပေါင်းပါဝင်ကြရန် စသည့်အချက်များကို ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ မင်းဘူးခရိုင်၊ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီ အတွင်းရေးမှူး ဒေါ်မမငယ်က အစည်းအဝေးကျင်းပရခြင်း၏ ရည်ရွယ်ချက်များနှင့် ပတ်သက်သည့် အကြောင်း အရာများအား အသေးစိပ် ရှင်းလင်းပြောကြားခဲ့ပြီး တက်ရောက်လာသူများမှ အထွေထွေ ဆွေးနွေး ခြင်းများကို ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ အစည်းအဝေးသို့ မြို့နယ်ကလေးသူငယ် အခွင့်အရေးများဆိုင်ရာကော်မတီ ဥက္ကဋ္ဌ၊ မြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်ကံ၊ တိုင်းဒေသကြီး လူမှုဝန်ထမ်းရုံး၊ ဦးစီးအရာရှိ ဒေါ်ဖြူပြာ၊ ခရိုင်ကလေးသူငယ် အခွင့်အရေးများဆိုင်ရာကော်မတီ အတွင်းရေးမှူး ဒေါ်မမငယ်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်အသင်းနှင့် မြို့နယ်ကြက်ခြေနီ အသင်းမှ တာဝန်ရှိသူများ အသီးသီး တက်ရောက်ခဲ့ကြောင်း သိရသည်။
ကျော်စိုးဝင်း(မင်းဘူး)