ငရုတ်ကောင်း သြဂုတ် ၁၉
ဧရာဝတီတိုင်းဒေသကြီး၊ ငရုတ်ကောင်းမြို့ အခြေခံပညာ အထက်တန်းကျောင်းအား ကိုဗစ်-၁၉ စည်းမျဉ်း စည်းကမ်းများ နှင့်အညီ ကျောင်းအဆင့် (A)ပြည့်မီပြီး ဖွင့်လှစ်နိုင်ရန် ယမန်နေ့ နေ့လယ်ပိုင်းက (အထက) ကျောင်းရှိ ရွှေရတုခမ်းမဆောင်၌ ကျောင်းကော်မတီများနှင့် တာဝန်ရှိသူများ ညှိနှိုင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
ဆွေးနွေးပွဲတွင် (အထက)ကျောင်းအုပ်ဆရာကြီး ဦးကြင်စိုးက စည်းမျဉ်းစည်းကမ်းများနှင့်အညီ ဖွင့်လှစ်နိုင်ရန် လိုအပ်နေသည့် လက်ဆေးဘေစင်များ၊ ကိုယ်ပူချိန်တိုင်း သာမိုမီတာများ၊ အမှိုက်ပုံးများ၊ လက်သန့် ဆေးရည်များနှင့် ရော်ဘာ လက်အိပ်များ လိုအပ်မှုကို တင်ပြဆွေးနွေးသည်။
ထို့နောက် မြို့အုပ်ချုပ်ရေးမှူး ဦးကျော်ဇင်လင်းက ဌာနဆိုင်ရာများ၊ ကျောင်းကော်မတီဝင်များနှင့် အဖွဲ့အစည်းများမှ ပူးပေါင်းဆောင်ရွက်နိုင်ရေး ပေါင်းစပ်ညှိနှိုင်း ပေးခဲ့ပြီးနောက် ဆွေးနွေးပွဲသို့ တက်ရောက်လာသော ကျောင်း ကော်မတီဝင်များ၊ ဌာနဆိုင်ရာများ၊ လူမှုရေးအဖွဲ့အစည်းတို့က ကိုဗစ်-၁၉ စည်းမျဉ်း စည်းကမ်းများ နှင့်အညီ ကျောင်းအဆင့် (A)ပြည့်မီပြီး ဖွင့်လှစ်နိုင်ရေးအတွက် လိုအပ်သည်များကို ဝိုင်းဝန်း ပူးပေါင်း ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။
ပြုံးမောင်မောင်(ပြန်/ဆက်)