ရေကြည် ဩဂုတ် ၁၉
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ်အတွင်းရှိ အစားအစာထုတ်လုပ်ခြင်းနှင့် လက်လီလက်ကား ရောင်းဝယ်ရေး၊ မော်တော်ယာဉ်နှင့် မော်တော်ဆိုင်ကယ် ပြင်ဆင်ခြင်း ကဏ္ဍများရှိ ကလေးအလုပ်သမားများ စစ်တမ်း ကောက်ယူခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန်က ဗဟိုစာရင်းအင်းအဖွဲ့ ဦးစီးအရာရှိ ဒေါ်အေးအေးသစ်၊ စီမံကိန်း ရေးဆွဲရေး ဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မြတ်သီတာဆန်း၊ စည်ပင်သာယာရေးအဖွဲ့ (အခွန်ကောက်-၄) ဦးစည်သူအောင် တို့က ပူးပေါင်း၍ ရေကြည်မြို့နယ်တွင် လုပ်ကိုင်လျက်ရှိသော လုပ်ငန်းပေါင်း (၆၅)ခုတို့ကို နမူနာအဖြစ် ရွေးချယ်၍ စစ်တမ်း ကောက်ယူလျက် ရှိကြောင်း သိရသည်။
ကလေးအလုပ်သမား စစ်တမ်းကောက်ယူခြင်းကို (၂၀၁၉-၂၀၂၀) ဩဂုတ်လ ဒုတိယပတ်နှင့် တတိယပတ်အတွင်း ကောက်ယူလျက်ရှိပြီး အဆိုပါ စစ်တမ်းကောက်ယူခြင်းဖြင့် အလုပ်သမားများ လုပ်ငန်းခွင်ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် လုံခြုံမှုရှိစေရေး၊ လူကုန်ကူးမှုဆိုင်ရာ အရေးယူမှုနှင့် ကာကွယ်ထောက်ပံ့မှု ဆိုင်ရာ အစီအစဉ်များအား ထောက်ပံ့ပေးရေး၊ တူညီသည့် လုပ်ငန်းများတွင် လုပ်ခလစာ တန်းတူရရှိနိုင်ရေးနှင့် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှု ဆိုင်ရာ ရည်မှန်းချက်များကိုလည်း အထောက်အပံ့ ဖြစ်စေနိုင်မည့် စာရင်းအင်း အချက်အလက်များကို ရရှိနိုင်မည် ဖြစ်ကြောင်း သိရသည်။
အောင်သူဟန်(ပြန်/ဆက်)