ညောင်ဦး ဩဂုတ် ၁၉
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့၌ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွင် မဲပေးခွင့်ရှိသည့် နိုင်ငံသားများအားလုံး မဲပေးခွင့်မဆုံးရှုံးစေရေးအတွက် တစ်အိမ်တက်ဆင်း အိမ်တိုင်ရာရောက် ယမန်နေ့ကစတင်ပြီး မဲစာရင်းကောက်ယူလျက်ရှိကြောင်း ညောင်ဦးမြို့ အမှတ် (၃)၊ အမှတ် (၄) ရပ်ကွက်တို့တွင် မဲစာရင်းစိစစ်နိုင်ရန် တာဝန်ပေးအပ်ထားသည့် မဲစာရင်းကောက်ယူရေး အဖွဲ့ခေါင်းဆောင် ဒေါ်တင်မာမျိုးထံမှ သိရသည်။
အဆိုပါ မဲစာရင်းကောက်ယူရေးအဖွဲ့ဝင်များသည် တစ်အိမ်တက်ဆင်း အိမ်တိုင်ရာရောက်သွားရောက်၍ ထုတ်ပြန် ကြေညာခဲ့သည့် မဲဆန္ဒရှင်ဦးရေနှင့် ၎င်းအိမ်ရှိ မဲပေးခွင့်ရှိသူ ဦးရေတို့အား တိုက်ဆိုင်စစ်ဆေးခြင်း၊ ကွင်းဆင်းစိစစ်သည့် အိမ်ထောင်စုတွင် မဲပေးပိုင်ခွင့်ရှိသူဖြစ်ပါလျက် မဲစာရင်းတွင် ပါဝင်ခြင်းမရှိသေးကြောင်း စစ်ဆေးတွေ့ရှိပါက မဲစာရင်းတွင်ထည့်သွင်းနိုင်ရေး ပုံစံ (၃) ဖြင့် တောင်းဆိုလျှောက်ထားစေခြင်း၊ မဲစာရင်းတွင် မပါဝင်သင့်သူများ ပါဝင်ပါက ပုံစံ (၄) ဖြင့် ကန့်ကွက်စေပြီး ပယ်ဖျက်နိုင်ရေးဆောင်ရွက်ခြင်း၊ မဲဆန္ဒရှင်တစ်ဦး၏ မဲစာရင်းပါ အချက်အလက်များ မှားယွင်းနေပါက ပုံစံ(၄-ဂ) ဖြင့် ပြင်ဆင်လွှာတင်သွင်းနိုင်ရေး ဆောင်ရွက်စေခြင်း၊ မဲစာရင်းပါအချက်အလက်များအား စိစစ်ပြီးပါက ပြုစုထားသည့်မဲစာရင်း၏ ဘေးကွက်လပ်တွင် အိမ် ထောင်ဦးစီး (သို့မဟုတ်) အိမ်ထောင်စုကိုယ်စားလှယ်တစ်ဦးက မှန်ကန်ကြောင်း အတည်ပြုလက်မှတ်ရေးထိုးစေရေးတို့ကို လိုက်လံစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ လိုအပ်သောပုံစံများနှင့်အတူ တစ်အိမ်တက်ဆင်း အိမ်တိုင်ရာရောက် မဲစာရင်းကောက်ယူရာတွင် ညောင်ဦးမြို့ အမှတ်(၃)၊ အမှတ်(၄) ရပ်ကွက်တို့အတွက် တာဝန်ပေးအပ်ထားသည့်အဖွဲ့ဝင်များ ဖြစ်ကြသည့် ဒေါ်တင်မာမျိုး(အဖွဲ့ခေါင်းဆောင်- ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး)နှင့် အဖွဲ့ဝင်များက လိုက်လံစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကျော်မင်းဦး(ရေနံချောင်း)