သီပေါ သြဂုတ် ၁၉
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်အတွင်းရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံ လူတန်းစား အိမ်ထောင်စုများသို့ နိုင်ငံတော်အစိုးရမှ ထောက်ပံ့သော ငွေကျပ်နှစ်သောင်းအား လက်ဝယ်အရောက် ပေးအပ်ခြင်းများကို သက်ဆိုင်ရာ တာဝန်ရှိသူများ၊ ရပ်ကွက်၊ ကျေးရွာအုပ်စုများရှိ အုပ်ချုပ်ရေးမှူး များနှင့် စာရေးဝန်ထမ်းများက ယနေ့ နံနက်ပိုင်းတွင် ဆက်လက်ထောက်ပံ့ပေးအပ် ဆောင်ရွက်လျက် ရှိသည်။
ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများအား ပထမအကြိမ်တွင် အခြေခံစားသောက်ကုန်(၅)မျိုး ထောက်ပံ့ပေးအပ်ခြင်းကို လည်းကောင်း၊ ဒုတိယအကြိမ်တွင် အကြောင်းအမျိုးမျိုးကြောင့် ကျန်ရှိခဲ့သော အိမ်ထောင်စုများအတွက် အိမ်ထောင်စုတစ်စုလျှင် ထောက်ပံ့ငွေ (၁၅၀၀၀/−)နှုန်းဖြင့်လည်းကောင်း၊ တတိယအကြိမ်တွင် အိမ်ထောင်စုတစ်စုလျှင် ထောက်ပံ့ငွေ(၂၀၀၀၀/−) နှုန်းဖြင့် လည်း ကောင်း ထောက်ပံ့ပေးအပ်ခဲ့ပြီး၊ စတုတ္ထအကြိမ်တွင် အိမ်ထောင်စုတစ်စုလျှင် ထောက်ပံ့ငွေ(၂၀၀၀၀/−)နှုန်းဖြင့် အိမ်ထောင်စုပေါင်း (၄၉၇၃)စု အတွက် ထောက်ပံ့ငွေများကို သြဂုတ်လ (၁၇)ရက်နေ့မှစတင်၍ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြသည်။
အဆိုပါ ထောက်ပံ့ငွေများကို လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာအသီးသီးမှ တာဝန်ရှိသူများ၊ မြို့နယ် ကိုဗစ်−၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီဝင်များမှ အဖွဲ့(၈)ဖွဲ့ခွဲ၍ ကြီးကြပ်ဆောင်ရွက်ကာ သက်ဆိုင်ရာရပ်ကွက်၊ ကျေးရွာအုပ်စုများတွင် ဆက်လက်ထောက်ပံ့ ပေးအပ် လျက်ရှိကြောင်း သိရသည်။
ခင်လေး(သီပေါ၊ ပြန်/ဆက်)