တာချီလိတ်မြို့၌ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြို့ပေါ်ရပ်ကွက်အချို့ ရေကြီးရေလျှံမှုဖြစ်ပေါ်

တာချီလိတ် နိုဝင်ဘာ ၁

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၏ အထက်ပိုင်းဒေသတွင် ယနေ့ နံနက် ၁ နာရီခန့်က မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မယ်ဆိုင်ချောင်းရေလျှံမှု ဖြစ်ပေါ်ခဲ့ပြီး မြို့တွင်းရပ်ကွက်အချို့ ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့ကြောင်းသိရသည်။

မယ်ဆိုင်ချောင်းနှင့် ထိစပ်နေသော ပုန်းထွန်၊ တာလော့၊ မကာဟိုခမ်း၊ ဆန်ဆိုင်း (က၊ ခ) ရပ်ကွက် မြေနိမ့်ပိုင်းတို့တွင် ရေကြီးရေလျှံမှုဖြစ်ပေါ်ခဲ့ပြီး နေအိမ်များအတွင်း ရေဝင်ခြင်း၊ မော်တော်ယာဉ်များ နစ်မြုပ်ခြင်းနှင့် ညဉ့်နက်ချိန်ရေဝင်ခြင်းကြောင့် ပစ္စည်းဆုံးရှုံးမှုအချို့ ရှိခဲ့ကြောင်း၊ ရေကြီးရေလျှံမှုသည် တာချီလိတ်မြို့၏ စိုးရိမ်ရေမှတ်ထက် (၁) ပေကျော်၊ ပုံမှန် အချိန် ထက်(၃)ပေကျော် ရှိကြောင်း သိရသည်။

အဆိုပါ ရေကြီးရေလျှံမှုကြောင့် နေအိမ်များနှင့်ဆိုင်များတွင် ရေများဝင်ရောက်ခြင်းကို စစ်ဗျူဟာအဖွဲ့ (အခြေချ) တာချီလိတ်စစ်ဗျူဟာမှူး ဗိုလ်မှူးကြီးမင်းမင်းထွန်း၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်နိုင်နှင့် မြိူ့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်ဦးကျော်တို့ဦးဆောင်မှုဖြင့် နယ်မြေခံ တပ်မတော်သားများ၊ ပရဟိတလူမှုအသင်း အဖွဲ့များမှ လုပ်အားရှင်များက ပစ္စည်းများရွှေ့ပြောင်းသယ်ယူပေးခြင်းအမှိုက်များ ရှင်းလင်းပေးခြင်းနှင့် ကူညီကယ် ဆယ်ရေးလုပ်ငန်းများကို ရွက်ပေးလျက်ရှိသည်။

ယာဆေး (ပြန်/ဆက်)