မိုင်းယောင်း ဩဂုတ် ၁၉
၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲဆိုင်ရာ သိကောင်းစရာများကို ပြည်သူအများ လေ့လာသိရှိနိုင်ရန် ဩဂုတ် ၁၉ ရက်က ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းယောင်းမြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနတို့ ပူးပေါင်း၍ ရွေးကောက်ပွဲအသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ ကြောင်း သိရသည်။
လက်ကမ်းစာစောင်တွင် မဲဆန္ဒရှင်စာရင်းများ ကြေညာချက်ကို ပြည်သူအများ သိရှိနိုင်ရန်နှင့် ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် ဆန္ဒမဲပေးခွင့်ရှိသူတိုင်း ဆန္ဒမဲပေးခွင့် မဆုံးရှုံးစေရန် အတွက် မဲစာရင်းလာကြည့်သည့် ပြည်သူများအနေဖြင့် မဲစာရင်းကြည့်ရှုရာတွင် အမည်မပါလျှင် ပုံစံ(၃)ဖြင့်လည်းကောင်း၊ မဲစာရင်းတွင် မပါဝင်သင့် သူပါဝင်နေပါက ပုံစံ(၄)ဖြင့်လည်းကောင်း၊ အချက်အလက်မှားယွင်းနေပါက ပုံစံ(၈)ဖြင့် လည်းကောင်း ဖြည့်စွက်လျှောက်ထားနိုင်ရန် စသည့် ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးခြင်းများ ပါဝင် ကြောင်း သိရသည်။
ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးပိုစတာနှင့် လက်ကမ်းစာစောင်များကို မြို့နယ်အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာအုပ်စုတို့တွင် ပြသထားနိုင်ရေးနှင့် ဖြန့်ဝေနိုင်ရေးအတွက် ရပ်ကွက်/ ကျေးရွာကော်မရှင်အဖွဲ့ခွဲများထံသို့ ဖြန့်ဝေပေးပို့လျက်ရှိကြောင်း မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲမှ သိရသည်။
စိုင်းအောင်ဇော်လင်း